အေဂျက်စ်အသင်းနဲ့ ကင်မရွန်းလက်ရွေးစင် ဂိုးသမား အိုနာနာဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ကင်မရွန်းနိုင်ငံကို ပြန်လည်ရောက်ရှိချိန် ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။
အိုနာနာဟာ ကင်မရွန်းနိုင်ငံမြို့တော် ရောအန်န်ဒေးမှာ ယာဉ်မတော်တဆမှု ကြုံတွေ့ခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အသက်၂၅ နှစ်အရွယ် အိုနာနာဟာ ကင်မရွန်းလက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပွဲ ၂၅ ပွဲ ကစားပေးထားတဲ့ အခုရာသီကုန်မှာ အေဂျက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ကာ သူ့ကို ခေါ်ယူဖို့အတွက် အင်တာမီလန်၊ အာဆင်နယ်နဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကင်မရွန်းအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား အာဖရိကဇုန်ခြေစစ်ပွဲ တတိယအဆင့် ပွဲစဉ်အဖြစ် အယ်လ်ဂျီရီးယားအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အိုနာနာအနေနဲ့ ဒီပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။
အခုရာသီကုန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းက ထွက်ခွာဖို့ စီစဉ်နေတဲ့ ဥရုဂွေး ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို အသင်းဟောင်း အေဂျက်စ်အပါအဝင် ဥရောပ ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။
ဆွာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ် အသင်းနဲ့ ပထမဆုံး လက်တွဲတဲ့ ရာသီမှာ အသင်းအတွက် လာလီဂါသွင်းဂိုး ၂၁ ဂိုး သွင်းယူပေးခဲ့ပြီး လာလီဂါ အမှတ်ပေးချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။
အခုရာသီမှာတော့ အက်သလက်တီကိုအသင်းမှာ အရေးပါမှု လျော့ကျလာသလို စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် သူ့ကို အသင်းကလည်း သက်တမ်းတိုးဖို့ ဆွေးနွေးမှု မရှိသေးတာကြောင့် ဆွာရက်ဇ်ဟာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေတာပါ။
ဆွာရက်ဇ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ အသင်းဟောင်း အေဂျက်စ်အသင်း ပါဝင်နေသလို တခြား ဥရောပ ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ အင်တာမီလန်၊ ဆီဗီလာ စတဲ့ အသင်းတွေလည်း ပါဝင်နေပါတယ်။