အေစီမီလန်အသင်းဟာ တောင်ပံတိုက်စစ်မှူး ရာဖေးလ်လီယိုကို ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ဟာ အေစီမှာခြေစွမ်းပြနေတာကြောင့် ချဲလ်ဆီး၊ လီဗာပူးတို့ အပါအဝင် ဥရောပထိပ်တန်းအသင်းတွေကခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။
ရာဖေးလ်လီယိုကတော့ အေစီမီလန်မှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီး အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ကြောင်း The Athletic သတင်းမှာဖော်ပြပါတယ်။
အသက် ၂၃ နှစ်ရှိ ရာဖေးလ်လီယိုဟာ မနှစ်က အသင်းကို စကူဒက်တို ချန်ပီယံဆုဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အခုနှစ်ရာသီမှာလည်း ၁၃ ဂိုး သွင်း၊ ၁၃ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်က ပြင်သစ်ကလပ် လိုင်လီကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားရမယ့် မီလန်ဒါဘီမှာ နှလုံးသားနဲ့ ဦးခေါင်းနှစ်ခုစလုံးသုံးဖို့ လိုအပ်ကြောင်း အေစီမီလန်နည်းပြ ပီအိုလီက ပြောပါတယ်။
အေစီမီလန်နဲ့ အင်တာမီလန်တို့ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ၇ ကြိမ်တွေ့ဆုံခဲ့ပြီး အင်တာက ၃ ကြိမ်၊ အေစီက ၂ ကြိမ်အနိုင်ရပြီး ၂ ကြိမ်က သရေကျခဲ့တာပါ။
အင်တာနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ဆိုရင် နှလုံးသားနဲ့ဦးခေါင်း သုံးဖို့လိုအပ်ပြီး နှလုံးသားနဲ့ပတ်သက်လို့တော့ အသင်းသားတွေအပေါ် သံသယဖြစ်စရာမရှိကြောင်း နည်းပြ ပီအိုလီက ပြောပါတယ်။
ဒါပေမဲ့ ခေါင်းသုံးဖို့လည်း လိုအပ်ပြီး ပြိုင်ပွဲက နှစ်ကျော့ဖြစ်တဲ့အတွက် မိနစ် ၁၈၀ ကြာ ကစားရမှာကို မေ့လျော့ထားလို့မရကြောင်းလည်း နည်းပြ ပီအိုလီက ပြောပါတယ်။
အေစီတိုက်စစ်မှူး ဂျရူးကတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ စိတ်အားထက်သန်နေပြီး အသက် ၃၇ နှစ် ဆိုပေမဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်ခွန်အားရရှိနေကြောင်း ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။