ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းနားက အမှတ် ၂ စစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ God's Hand Force ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ GHFအဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးအပြင်မှာ ဖွင့်ထားတဲ့ ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်ကို ဧပြီ ၁ ရက် မနက် ၉ နာရီ ၁၀ မိနစ်လောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဆရာကျောင်းက "ကားဝင်းအပြင်ဘက်က ဂိတ်ပါ။ တိုက်ခိုက်မှုအပြီးမှာ ရဲနှစ်ယောက်တော့ ဒဏ်ရာရတယ်။ တယောက်က ပြင်းထန်တယ်လို့ ပြောတယ်။ ကျနော်တို့ကတော့ အသေးစိတ် မသိရဘူး" လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုက Yangon UG Association (YUA) ရဲ့ တတိယမြောက် စစ်ဆင်ရေး ဖြစ်ပြီး အရင်က တိုက်ခိုက်မှု ၂၅ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတွေမှာ မပါဝင်ကြဖို့ God’s Hand Force ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-GHFတာဝန်ခံဆရာကျောင်း
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းမှာ မီတာခမပေးဆောင်တဲ့ ကားဂိတ်နဲ့ ဆိုင်ခန်းတွေကို မီးလိုက်ဖြတ်နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ လျှပ်စစ်ရုံးဝန်ထမ်းတွေက လက်နက်ကိုင်ရဲတွေနဲ့အတူ မီတာမဆောင်တဲ့ အခန်းတွေကို လိုက်လံစစ်ဆေးပြီး မီဖြတ်နေတာလို့ ဆိုပါတယ်။
အခန်းပိုင်ရှင်တဦးက “မီတာဆောင်ထားလား မေးတယ်။ မဆောင်ရင် မီးဖြတ်မယ်ဆိုပြီး အားချင်းဖြတ်သွားတယ်။ တော်တော်များများ အဖြတ်ခံရတယ်” လို့ ပြောပါတယ်။
အဲဒီဂိတ်အခန်းအများစုဟာ စစ်အာဏာသိမ်းကတည်းက မီတာခပေးဆောင်ထားခြင်း မရှိကြဘဲ အခုမှ ပေါင်းပေးဆောင်ရမယ်ဆိုရင် ကျပ်သိန်းဆယ်နဲ့ချီ ကျသင့်မယ့်အနေအထား ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ စက်သုံးဆီဈေး ကြီးမြင့်လို့ အရှုံးပေါ်ပြေးဆွဲနေကြရတဲ့အချိန်မှာ မီတာခ အတင်းအကျပ် တောင်းခံတာကြောင့် ယာဉ်လိုင်းတွေ အခက်တွေ့နေကြတယ်လို့ ယာဉ်လိုင်းပိုင်ရှင်တဦးက ဆိုပါတယ်။
အခုလို မီးလိုက်မဖြတ်ခင်ကလည်း လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိတယ်လို့လည်း သိရပါတယ်။