စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်-ဗန်းမောက်လမ်းပေါက်က အောင်းကုန်းကျေးရွာမှာ အောက်တိုဘာ ၁၈ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မနက် ၉ နာရီဝန်းကျင်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ညနေ ၆ နာရီဝန်းကျင်လောက်မှာတော့ စစ်ကောင်စီက တိုက်လေယာဥ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“မနေ့ကတည်းက စစ်ကောင်စီက တရွာလုံးကို ရှောင်ခိုင်းလိုက်တယ်။ တရွာလုံးကို မောင်းထုတ်လိုက်တယ်၊ ပြီးရင် ဝုန်းတိုင်းကြဲတော့တာပဲ။ ပြီးတော့ ရွာထဲမှာလူမရှိတော့ဘူး။ အသံတွေတော့ မနက် ၉ နာရီ ကတည်းလောက်ကနေ ကြားရတယ်၊ ညနေ ၆ နာရီဝန်းကျင်လောက်ရောက်တော့ တိုက်လေယာဥ်နှစ်စီးနဲ့ ဗုံး ၈ လုံးလာကြဲသွားတယ်။ အခုပြန်ပြီး ကြားရတာက ၄ လုံးက မပေါက်ဘူးလို့ ပြောတယ်။”
တိုက်ပွဲကြောင့် အောင်းကုန်းရွာက နေအိမ်တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲ မီးလောင်တာတွေရှိသလို စစ်ကောင်စီတပ် မီးရှို့တာကြောင့် ကျေးရွာထဲက လူနေအိမ် ၁၀ လုံးကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောင်းကုန်းဘုန်းကြီးကျောင်းထဲခေါ်ယူပြီး သတ်ဖြတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီဗွီဘီက သီးခြားစုံစမ်းနေဆဲပါ။
အင်းတော်မြို့နယ်၊ အင်းတော်မြို့အဝင်ဂိတ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတယောက်သေဆုံး၊ တယောက် ခြေထောက်ထိမှန်ခဲ့တယ်လို့ Indaw Revolution-IR မှာ ဖော်ပြထားပါတယ်။
အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာမှာ အိမ်ထောင်စု ၂၀၀ ဝန်းကျင်နေထိုင်ကြပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ပြည်သူအားလုံး အင်းတော်မြို့နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်းကုန်းရွာကို စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက ဝင်ရောက်လာတဲ့ အင်အား ၂၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာ နေအိမ် ၄ လုံးကို မီးရှို့ခဲ့သလို အသက် ၂၀ အရွယ် လူငယ်တယောက်ကို ပစ်သတ်သွားတယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“မနေ့မနက်တုန်းက အောင်းကုန်းရွာကို ဝင်လာပြီး နေ့လယ်ပိုင်းမှာ နေအိမ် ၄ လုံး မီးရှို့သွားတာပါ။ အသက် ၂၀ လောက်ရှိတဲ့ လူငယ်တယောက်ကိုလည်း ပစ်သတ်သွားတယ်။ ဘယ်သူဘယ်ဝါဆို တာတော့ မသိရသေးဘူး။ တခြားအိမ်က ပစ္စည်းတွေကိုလည်း ထုတ်ပြီး မီးပုံရှို့သွားတယ်။”
ညနေပိုင်း ၄ နာရီလောက်ကလည်း အင်းတော်နဲ့ မဲဇာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အင်အား ၆၀ ကျော်ပါတဲ့ စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူသားဒိုင်းအဖြစ်ခေါ်လာတဲ့ ဟင်းနုရွာသား အသက်(၃၂)နှစ်ရှိ မောင်ဦးနဲ့ မန်ထုံတောင်ကြီးရွာသား အသက်(၃၇)နှစ်ရှိ သိန်းတန်တို့ကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ ဒေသတွင်း တော်လှန်ရေး အဖွဲ့က ဆိုပါတယ်။
စက်တင်ဘာ ၂၉ ရက် မနက် ၉ နာရီမှာလည်း တန်ဘိုရွာနဲ့ လယ်နောင်ရွာကြားမှာ စစ်ကြောင်း တကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သလို အင်ပင်ရွာထိပ်မှာလည်း စစ်ကြောင်းတခုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးရှိခဲ့ပြီး PDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီနေ့ ညနေပိုင်းမှာပဲ စစ်ကြောင်း ၂ ကြောင်းနဲ့ မန်လည်ရွာထဲကို သေနတ် ပစ်ဖောက် ဝင်ရောက်လာကာ ရွာထဲက စိတ်မနှံ့သူ လူငယ် တယောက်၊ သားဖွားဆရာမ နှစ်ယောက်နဲ့ ဆည်ရွာက ဘုန်းကြီး၊ မန်လည်ရွာ တောင်ကျောင်း၊ မြောက်ကျောင်းမှ ဘုန်းကြီးတွေကို ဖမ်းခေါ်ပြီး ရွာသူရွာသားတွေကို ငွေနဲ့ ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန်လည်ရွာသူရွာသားကတော့ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။