close

အင်းတော်မြို့နယ် အောင်းကုန်းရွာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်-ဗန်းမောက်လမ်းပေါက်က အောင်းကုန်းကျေးရွာမှာ အောက်တိုဘာ ၁၈ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မနက် ၉ နာရီဝန်းကျင်ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

ညနေ ၆ နာရီဝန်းကျင်လောက်မှာတော့ စစ်ကောင်စီက တိုက်လေယာဥ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့ကတည်းက စစ်ကောင်စီက တရွာလုံးကို ရှောင်ခိုင်းလိုက်တယ်။ တရွာလုံးကို မောင်းထုတ်လိုက်တယ်၊ ပြီးရင် ဝုန်းတိုင်းကြဲတော့တာပဲ။ ပြီးတော့ ရွာထဲမှာလူမရှိတော့ဘူး။ အသံတွေတော့ မနက် ၉ နာရီ ကတည်းလောက်ကနေ ကြားရတယ်၊ ညနေ ၆ နာရီဝန်းကျင်လောက်ရောက်တော့ တိုက်လေယာဥ်နှစ်စီးနဲ့ ဗုံး ၈ လုံးလာကြဲသွားတယ်။ အခုပြန်ပြီး ကြားရတာက ၄ လုံးက မပေါက်ဘူးလို့ ပြောတယ်။” 

တိုက်ပွဲကြောင့် အောင်းကုန်းရွာက နေအိမ်တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲ မီးလောင်တာတွေရှိသလို စစ်ကောင်စီတပ် မီးရှို့တာကြောင့် ကျေးရွာထဲက လူနေအိမ် ၁၀ လုံးကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောင်းကုန်းဘုန်းကြီးကျောင်းထဲခေါ်ယူပြီး သတ်ဖြတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီဗွီဘီက သီးခြားစုံစမ်းနေဆဲပါ။

အင်းတော်မြို့နယ်၊ အင်းတော်မြို့အဝင်ဂိတ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတယောက်သေဆုံး၊ တယောက် ခြေထောက်ထိမှန်ခဲ့တယ်လို့ Indaw Revolution-IR မှာ ဖော်ပြထားပါတယ်။

အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာမှာ အိမ်ထောင်စု ၂၀၀ ဝန်းကျင်နေထိုင်ကြပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာကြောင့်  ပြည်သူအားလုံး အင်းတော်မြို့နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up