close

အော်စကာဆုပေးပွဲ

close

March 10, 2023

သရုပ်ဆောင် ဒန်နီရန်းကို အော်စကာပွဲ စီစဉ်တင်ဆက်သူအဖြစ်မှ ဖယ်ရှားရန် လူ ၈၀,၀၀၀ ကျော် လက်မှတ်ထိုးတောင်းဆို

သရုပ်ဆောင် မင်းသားကြီး ဒန်နီရန်းဟာ တရုတ်အစိုးရကို ထောက်ခံတဲ့အတွက် ဟောင်ကောင်လူတစုက အစပြုပြီး လူပေါင်း ၈၄,၀၀၀ ကျော်က အော်စကာဆုပေးပွဲ အစီအစဉ်တင်ဆက်သူနေရာက သူ့ကို ဖယ်ရှားပေးဖို့ အွန်လိုင်းကနေ လက်မှတ်ထိုး တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဟောင်‌ကောင်ဆန္ဒပြမှုကို ရန်းက “ဒါက ဆန္ဒပြတာမဟုတ်ဘူး။ ဆူပူနှောင့်ယှက်နေတာပဲ။ အဲ့ဒါနဲ့ပတ်သက်ပြီး လူတွေ ဘယ်လိုခံစားနေရတယ်ဆိုတာကို ပြောင်းလဲမှာမဟုတ်ဘူး။ ငါ့ကိုယ်ပိုင်အတွေ့အကြုံအရပါ” လို့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

အနောက်နိုင်ငံတွေရဲ့ မီဒီယာအဖွဲ့အစည်းတွေ BBC တို့၊ CNN တို့ဆိုတာ တရုတ်နဲ့ပတ်သက်ပြီး မကောင်းတဲ့သတင်းရေးဖို့သာ အာရုံစိုက်နေကြတာလို့လည်း ရန်းက ဆိုပါတယ်။

ဒီလက်မှတ်ရေးထိုး တောင်းဆိုမှုကိုတော့ ဟောင်ကောင်ရဲ့ တက်ကြွလှုပ်ရှားသူ ထုန်ဝေဟုံက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဟောင်ကောင်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးနေတဲ့အတွက် အခုလို တောင်းဆိုရတာလို့ ပြောပါတယ်။

အော်စကာအဖွဲ့က ရန်းကို ဖိတ်ကြားတာဟာ ဟောင်ကောင်ပြည်သူတွေကို အထင်သေးတာ ဖြစ်ပြီး သူတက်ရောက်မယ်ဆို ရုပ်ရှင်နယ်ပယ်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေလိမ့်မယ်လို့ ဟုံက ဆိုပါတယ်။

ရန်းဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ရဲ့ အဖွဲ့ဝင်တယောက် ဖြစ်ပြီး မတ်လအစောပိုင်းက ဘေဂျင်းမှာကျင်းပခဲ့တဲ့ နှစ်ကြိမ်မြောက် တရုတ်လွှတ်တော်နဲ့ ထိပ်တန်းနိုင်ငံရေးအကြံပေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။

အသက် ၅၉ နှစ်အရွယ် ရန်းဟာ MMA အပေါ် အခြေခံပြီး ရိုက်ကူးထားတဲ့ ဟောင်ကောင်ဇာတ်လမ်းတွဲ IP Man ရုပ်ရှင်နဲ့ နာမည်ကျော်ခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်ရုံမှတ်တမ်းမှာ ကန်ဒေါ်လာ သန်း ၄၀၀ ကျော်အထိ ရရှိခဲ့တဲ့အပြင် ဟောလိဝုဒ်ရုပ်ရှင် John Wick 4 မှာလည်း ပါဝင်သရုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။

သရုပ်ဆောင် ဒန်နီ ရန်းကို မတ်လ ၁၂ ရက် လေ့ာစ်အိန်ဂျလိစ်မြို့မှာ ကျင်းပမယ့် အော်စကာ ဆုပေးပွဲအတွက် အစီအစဉ်တင်ဆက်သူအဖြစ် ဖိတ်ကြားထားတာဖြစ်ပြီး အော်စကာဆု ရွေးချယ်ရေး အဖွဲ့ကတော့ အခုလို လက်မှတ်ထိုးတောင်းဆိုတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးတာမျိုး မရှိပါဘူး။

44 seconds Ago

March 29, 2022

အော်စကာဆုပေးပွဲတွင် အစီအစဉ်တင်ဆက်သူကို ပါးရိုက်ခဲ့သည့် ဝီလ်စမစ်သ် ပြန်တောင်းပန်

အော်စကာရုပ်ရှင်ဆုပေးပွဲ အခမ်းအနားမှာ အစီအစဉ် တင်ဆက်သူကို ပါးရိုက်ခဲ့သည့် သရုပ်ဆောင်မင်းသား ဝီလ်စမစ်သ်က သူ့ရဲ့လုပ်ရပ်အတွက် လူမှုကွန်ရက်ကနေ ပြန်တောင်းပန်လိုက်ပါတယ်။  

မတ် ၂၈ ရက် မနေ့က  ကျင်းပတဲ့ ၉၄ ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲ အခမ်းအနားကို တကမ္ဘာလုံးက စောင့်ကြည့်နေခဲ့ပြီး၊ သရုပ်ဆောင်မင်းသား ဝီလ်စမစ်သ်က အစီအစဉ် တင်ဆက်သူ ခရစ်ရော့ခ်ကို ရုတ်တရက် ရှေ့ထွက် ပါးရိုက်ခဲ့တာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။ 

ဝီလ်စမစ်သ်ရဲ့ဇနီး ကတုံးဆံပင်နဲ့ ဂျာဒါပင်ကက်စမစ်သ်ဟာ မင်းသမီး ဒယ်မီမိုး ကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုး နောက်တကားရိုက်ရင် ဝင်သရုပ်ဆောင်လို့ ရပြီလို့ ခရစ်ရော့ခ်က အရွှန်းဖောက်လိုက်တာပါ။ 

ဆံပင်ကျွတ်ရောဂါ (Alopecia) ခံစားနေရတဲ့ ဇနီးသည်အတွက် မခံမရပ်နိုင်ဖြစ်ပြီး စမစ်သ်က ပါးရိုက်လိုက်တာပါ။

“မင်းပါးစပ် ပိတ်ထား ငါ့မိန်းမနာမည် မပြောနဲ့” လို့လည်း ဒေါသတကြီးနဲ့ ပြောပါတယ်။

 ဝီလ်စမစ် က ‘King Richard’ ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုလည်း ရရှိခဲ့ပါတယ်။

12 months Ago
Up