နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆက်ဖ်ဇိုင်း အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်ထားတဲ့ ‘Stranger at the Gate’ အမည်ရ မှတ်တမ်းရုပ်ရှင်တိုဟာ အော်စကာဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။
နယူးယောက်ခ်ကာ မဂ္ဂဇင်းက ဖြန့်ချိထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ဟာ မက်လို့အမည်ရတဲ့ အမျိုးသားတဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး မွတ်စလင်အသိုင်းအဝိုင်းထဲက ဘီဘီ ဘာဟာမီ အမည်ရ အမျိုးသမီးတဦးဟာ နွေးထွေးကြင်နာမှုတွေနဲ့အတူ မက်ကို အစ္စလာမ်ယဉ်ကျေးမှု အကြောင်း မိတ်ဆက်ပေးလိုက်တဲ့အခါမှာ မက်ရဲ့ မွတ်စလင်အသိုင်းအဝိုင်းအပေါ် ရှုမြင်ပုံ အကြီးအကျယ် ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားပါတယ်။
မာလာလာကတော့ ဒီရုပ်ရှင်ထဲမှာ သရုပ်ဖော်ထားတဲ့ မွတ်စလင်အသိုင်းအဝိုင်းအပေါ် အကြောက်တရားနဲ့ ခွဲခြားဆက်ဆံမှုတွေဟာ အကန့်အသတ်မရှိဘူးဆိုတာကို အလေးအနက် ထောက်ပြလိုတာဖြစ်ကြောင်း ပြောပါတယ်။
“လူနည်းစုတွေနဲ့ ထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာ၊ အသားအရောင်၊ လိင်ဖြစ်တည်မှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေအပေါ်မှာ နေ့စဉ်နဲ့အမျှ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်နေရတာကြောင့် ဒီမှတ်တမ်းရုပ်ရှင်ရဲ့ သတင်းစကားကို ဖြန့်ဝေနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ပြီးတော့ မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားဆိုင်ရာ အခန်းကဏ္ဍကို လူတွေ စပြီး ဆွေးနွေးလာဖို့နဲ့ အပြောင်းအလဲတခုကိုလည်း မြင်လာရလိမ့်မယ်လို့ မျှော်လင့်မိတယ်” လို့ မာလာလာက ပြောပါတယ်။
ဒီရုပ်ရှင်ဟာ မာလာလာရဲ့ ဖခင်ဖြစ်တဲ့ ပညာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဇီအာဒင် ယူဆက်ဖ်ဇိုင်း ကိုပါ အမှတ်ရစေတယ်လို့လည်း ဆိုပါတယ်။
၂၀၁၂ ခုနှစ်မှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ကို ငြင်းပယ်ထားတဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကာ မာလာလာက ကမ်ပိန်းတွေ လုပ်ဆောင်ခဲ့တာကြောင့် ပါကစ္စတန်လူမျိုး တာလီဘန်သေနတ်သမားတဦးက ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ မာလာလာ အသက်ရှင်ခဲ့ပါတယ်။
နောက်တော့ မာလာလာဟာ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် အသက်အငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦး ဖြစ်လာခဲ့ပါတယ်။ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ အော်စကာဆု ရရှိသူတွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ ၉၄ ကြိမ်မြောက် အော်စကာဆုပွဲပေးမှာ သရုပ်ဆောင် ဝီလ်စမစ်ဟာ အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်ကို စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တာကြောင့် အော်စကာဘုတ်အဖွဲ့က “ဘယ်လိုအကြမ်းဖက်မှုပုံစံကိုမဆို လျစ်လျူရှု ခွင့်လွှတ်လို့ မရပါဘူး” ဆိုပြီး ဝီလ်စမစ်ကို လူကိုယ်တိုင်ဖြစ်စေ၊ ဗီဒီယိုမှဖြစ်စေ အော်စကာဆုပေးပွဲကို တက်ရောက်ခွင့် ၁၀ နှစ် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
“ဒီအခိုက်အတန့်က လုံးဝလက်မခံနိုင်စရာပါ။ အရမ်းအန္တရာယ်များတဲ့ အပြုအမူတွေနဲ့ စမစ်ကို စင်ပေါ်မှာ တွေ့ခဲ့ရတာပါ” လို့ အနုပညာအသင်းက ထုတ်ပြန်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာကျင်းပမယ့် ၉၅ ကြိမ်မြောက် အော်စကာပွဲမှာလည်း အလားတူဖြစ်ရပ်မျိုး မဖြစ်အောင်၊ ဖြစ်ပွားလာတဲ့အခါ အမြန်ဆုံးဖြေရှင်းနိုင်အောင် ပဋိပက္ခ စီမံခန့်ခွဲမယ့်အသင်းကို ဖွဲ့စည်းထားတယ်လို့ အော်စကာဆုဖြစ်မြောက်ကျင်းပရေးဆိုင်ရာ အမှုဆောင် ဘီလ် ခရာမာက ပြောပါတယ်။
ပဋိပက္ခစီမံခန့်ခွဲမယ့်အသင်းကို ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ဖြေရှင်းနိုင်ဖို့ အသေးစိတ် ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး ဒီအသင်းကို ဘယ်တော့မှ မသုံးရဖို့ မျှော်လင့်ပါတယ်လို့ ဘီလ်က ဆိုပါတယ်။
၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ်မြို့ “Dolby” ကဇာတ်ရုံမှာ မတ်လ ၁၂ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။