အကယ်ဒမီ သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေနဲ့ အေးဝတ်ရည်သောင်း အပါအ၀င် အနုပညာရှင် ၂၄ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ဇွန် ၂၉ ရက် ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီ ၂ ရက်မှ မေ ၁ ရက်ထိ CDM လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ရေးသားမှုတွေကြောင့် သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင်တွေကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်းနဲ့ ဒီအထဲက အနုပညာရှင် ၂၄ ယောက်ဟာ ပြင်ပ ပယောဂတစ်စုံတစ်ရာကြောင့် အဆိုပါ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ ယူဆရလို့ အမှုပြန်ရုပ်သိမ်းပေးလိုက်တာလို့ သတင်းမှာဖော်ပြပါတယ်။
အမှုပြန်ရုပ်သိမ်းလိုက်တဲ့ အနုပညာရှင်တွေထဲမှာ ၀ါဆိုမိုးဦး၊ ကျော်ကျော်နန္ဒ၊ ဟန်နေတာ၊ သက်မွန်မြင့်၊ G Fatt (ခ) မြတ်သူ၊ Kelvin Kate (ခ) အောင်သူလွင်၊ မယ်ရီ၊ နော်ဖောအယ်ထား၊ ခါရာ၊ စူးရှနိုင်၊ ချစ်သုဝေ၊ J Fire (ခ) အောင်ကိုငြိမ်း၊ သီဟထွန်း၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မထက် (ခ) ဥက္ကာထက်၊ မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်နဲ့ သဇင်နွယ်ဝင်း တို့ပါဝင်ပါတယ်။
အဆိုပါ အနုပညာရှင်တွေအနေနဲ့ အလားတူ ကျူးလွန်ဖောက်ဖျက်မှုတွေ ထပ်မံ လုပ်ဆောင်မယ်ဆိုပါက တည်ဆဲဥပဒေတွေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်ထိ နေပြည်တော်၊ တိုင်းနဲ့ ပြည်နယ်တွေမှာ ဆန္ဒပြမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့မှ စစ်ဆေးဆဲ တရားခံတွေနဲ့ တရားရုံးမှာ စစ်ဆေးဆဲ တရားခံတွေအနက် ပထမဦးစားပေးအဖြစ် ပြန်လည် စေလွှတ်ပေးသင့်သူတွေကိုလည်း အမှုမှ ရုတ်သိမ်းပေးနိုင်ရေး စိစစ်ဆောင်ရွက်နေကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တဲ့အပေါ် ဆန့်ကျင် ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေနဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူအပါအဝင် ပြည်သူဘက်က ရပ်တည်တဲ့ နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၆ ရက်မှာ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ အေးမြတ်သူ၊ သီဟထွန်း၊ အောင်ခန့်မှူး၊ ရီမွန်ခိုင်၊ ပေါက်စီ၊ ယမင်းရွှေရည်၊ မှူးသက်အောင်၊ သိင်္ဂီ၊ ထွန်းနိုင်လင်း၊ မျိုးမင်းသိုက်၊ အိမ့်မျက်ချယ်၊ ကျော်ကျော်မင်းလှိုင်၊ စတီဗင်မန်း (သန်းကက်မန်း)၊ စန္ဒာလမင်းထွန်း၊ အောင်သက်ပိုင်၊ နိုင်စစ်အောင်၊ ဟန်ထူးဇော်၊ ဇာနည်ကျော်၊ ဟေမာစိုးနဲ့ ကျော်သူလင်း တို့ ပါဝင်ပါတယ်။
အဆိုပါ လူပုဂ္ဂိုလ် အယောက် ၂၀ ဟာ CDM အားပေး လှုံ့ဆော်မှုနဲ့ CRPH အားပေးထောက်ခံမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲပြီး အမှုဖွင့်လိုက်တာပါ။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၂၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ်ပိုင်တံခွန်တို့ကို မကြာသေးခင်ရက်ပိုင်းကမှရန်ကုန်ရှိ သူ့တို့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့သလို ဧပြီ ၁၅ ရက်နေ့ကလည်း ဝါရင့်ရုပ်ရှင် သရုပ်ဆောင် ဦးဇင်ဝိုင်းနဲ့ အဆိုတော် ပိုပိုတို့ကို ဖမ်းဆီးခဲ့ပါတယ်။
Photo- Credit