close

အနုပညာရှင် ၂၄ ဦးအား ပုဒ်မ ၅၀၅ (က) အမှုပြန်ရုပ်သိမ်း၊ ထပ်မံကျူးလွန်ပါက အရေးယူမည်ဟု သတိပေး

အကယ်ဒမီ သက်မွန်မြင့်၊ အေးမြတ်သူ၊ ချစ်သုဝေနဲ့ အေးဝတ်ရည်သောင်း အပါအ၀င် အနုပညာရှင် ၂၄ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့  အမှုဖွင့်ထားတာကို  ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း  စစ်ကောင်စီရဲ့ မီဒီယာတွေမှာ  ဇွန် ၂၉ ရက် ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။ 

၂၀၂၁ ခုနှစ် ဧပြီ ၂ ရက်မှ မေ ၁ ရက်ထိ CDM လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ရေးသားမှုတွေကြောင့်  သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနုပညာရှင်တွေကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်းနဲ့ ဒီအထဲက အနုပညာရှင် ၂၄ ယောက်ဟာ  ပြင်ပ ပယောဂတစ်စုံတစ်ရာကြောင့် အဆိုပါ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ရတယ်လို့  ယူဆရလို့ အမှုပြန်ရုပ်သိမ်းပေးလိုက်တာလို့ သတင်းမှာဖော်ပြပါတယ်။

အမှုပြန်ရုပ်သိမ်းလိုက်တဲ့ အနုပညာရှင်တွေထဲမှာ ၀ါဆိုမိုးဦး၊ ကျော်ကျော်နန္ဒ၊ ဟန်နေတာ၊ သက်မွန်မြင့်၊ G Fatt (ခ) မြတ်သူ၊ Kelvin Kate (ခ) အောင်သူလွင်၊ မယ်ရီ၊ နော်ဖောအယ်ထား၊ ခါရာ၊ စူးရှနိုင်၊ ချစ်သုဝေ၊ J Fire (ခ) အောင်ကိုငြိမ်း၊ သီဟထွန်း၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မထက် (ခ) ဥက္ကာထက်၊ မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်နဲ့ သဇင်နွယ်ဝင်း တို့ပါဝင်ပါတယ်။

အဆိုပါ အနုပညာရှင်တွေအနေနဲ့  အလားတူ ကျူးလွန်ဖောက်ဖျက်မှုတွေ  ထပ်မံ လုပ်ဆောင်မယ်ဆိုပါက တည်ဆဲဥပဒေတွေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်ထိ နေပြည်တော်၊ တိုင်းနဲ့ ပြည်နယ်တွေမှာ ဆန္ဒပြမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့မှ စစ်ဆေးဆဲ တရားခံတွေနဲ့ တရားရုံးမှာ စစ်ဆေးဆဲ တရားခံတွေအနက်  ပထမဦးစားပေးအဖြစ် ပြန်လည် စေလွှတ်ပေးသင့်သူတွေကိုလည်း အမှုမှ ရုတ်သိမ်းပေးနိုင်ရေး စိစစ်ဆောင်ရွက်နေကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တဲ့အပေါ်  ဆန့်ကျင် ဆန္ဒပြတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေနဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စစ်အုပ်စုက  ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up