close

အွန်လိုင်းလောင်းကစားမှု

close

March 29, 2022

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုဖြင့် ၁၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ  တရားမဝင် Call Center ဖွင့်ပြီး အွန်လိုင်း လောင်းကစားတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံသားတချို့ကို မတ်လ ၂၉ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ  ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူလိုက်တယ်လို့  AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။  

မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၁) ရေလယ်ကျွန်းမှာ  ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က  ၄ ယောက်ဖမ်းမိပြီး  မဲဆောက်မြို့တည်းခိုခန်းမှာ နောက်ထပ် ၉ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တာခ်ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ညွှန်ကြားချက်နဲ့ နယ်စပ်သွားလာသူတွေကိုစစ်ဆေး တင်းကျပ် ကင်းလှည့်နေစဉ် မဲဆောက် ကမ်းနားဈေးအနီး မြန်မာဘက်ရေလယ်ကျွန်းဘက်ကနေ ပြန်လာတဲ့ အသက် ၁၈ နဲ့ ၂၀ အကြား  ထိုင်းအမျိုးသမီးငယ် ၃ ဦးနဲ့ ‌ထိုင်းအမျိုးသား ၁ ဦး ကိုစစ်မေးရာမှာ  ရေလယ်ကျွန်းဘက်ကို ထွက်ပြေးတဲ့အတွက် သက်ဆိုင်ရာ မြန်မာဘက်ကမ်းတာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ပြန်လည်ဖမ်း ဆီးနိုင်ခဲ့ပါတယ်။

တချိန်တည်းမှာဘဲ မဲဆောက်မြို့တည်းခိုခန်းတစ်နေရာကို ဝင်ရောက်စစ်ဆေးတော့ အွန်လိုင်း Call Center  လောင်းကစားလုပ်တဲ့ တရုတ်နိုင်ငံသား ၂ ယောက်၊ စကားပြန်ထိုင်း ၁ ယောက်နဲ့ တခြားထိုင်းနိုင်ငံသား ၆ ယောက် စုစုပေါင်း ၉ ယောက်ကိုလည်း ထိုင်းရဲက ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။ 

ထိုင်းနိုင်ငံသား အမျိုးသား အမျိုးသမီးတွေဟာ ပွဲစားကနေတဆင့် အလုပ်ကောင်း လစာကောင်းကြောင်း မြှူဆွယ်  အလိမ်ခံရပြီး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ဘက်မှာနေတဲ့ တရုတ်နိုင်ငံသား လောင်းကစားသမားတွေရဲ့ ခိုင်းစေခံခဲ့ရတာဖြစ်ပါတယ်။ 

ဒါကြောင့် ထိုင်းလူငယ်တွေ တရုတ်လက်အောက်မရောက်စေရေးအတွက် ထိုင်းနိုင်ငံနယ်စပ် တာဝန်ကျ ရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်ရာတို့က ပူးပေါင်းဖမ်းဆီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ အဆိုပါ ထိုင်းနဲ့ တရုတ်ကိုတော့ မဲဆောက်မြို့ပိုင်ရုံးမှာ စစ်ဆေးနေပြီး ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူသွားဖို့ ရှိနေပါတယ်။

12 hours Ago
Up