close

အွန်လိုင်းအစည်းအဝေး

close

October 15, 2021

အာဆီယံဝန်ကြီးများနှင့် အွန်လိုင်းအစည်းအဝေးပွဲကို ရွှေ့ဆိုင်းရန် ကုလအကြီးအကဲတောင်းဆို

ကုလသမဂ္ဂအကြီးအကဲ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ အောက်တိုဘာ ၁၅ ရက် ဒီနေ့ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့   virtual အွန်လိုင်းအစည်းအဝေးကို ရွှေ့ဆိုင်းဖို့  နောက်ဆုံးမိနစ်မှာ တောင်းဆိုလိုက်ပါတယ်။ 

ဒါဟာ မြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်နဲ့  အွန်လိုင်းအစည်းအဝေးခန်းထဲမှာ အတူတူ ရှိနေခြင်းအားဖြင့် မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုသလိုဖြစ်စေမှာမျိုး ဘယ်လိုနည်းနဲ့မဆို ရှောင်ရှားဖို့ အချက်ပြလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ သံတမန်တွေက ပြောပါတယ်။

မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် အပါအဝင် အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့အကြား အစည်းအဝေးကို သောကြာနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

ဒါပေမဲ့လည်း အဲ့ဒီရက် မတိုင်ခင်လေးမှာ မစ္စတာဂူတာရက်စ်က လက်ရှိဖြစ်ပေါ်နေတဲ့ အရေးတကြီးဆောင်ရွက်နေတဲ့ နိုင်ငံတကာနဲ့ဒေသတွင်း ပြဿနာတွေကို အကြောင်းပြပြီး နှစ်ဦးနှစ်ဖက်သဘောတူနိုင်တဲ့ပုံစံနဲ့ ကျင်းပနိုင်တဲ့အချိန်ထိ အစည်းအဝေးကိုရွှေ့ဆိုင်းဖို့ အာဆီယံကို တောင်းဆိုခဲ့ကြောင်း အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းဆီကနေ သိရကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

ရွေးကောက်ခံအစိုးရက ခန့်အပ်ထားတဲ့ လက်ရှိကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး  ဦးကျော်မိုးထွန်းနဲ့  စစ်တပ်က အပြိုင်တင်သွင်းထားတဲ့သံတမန်တို့အကြား  ဘယ်သူ့ကိုခန့်အပ်မလဲဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက် မချခင်မှာ  ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်အနေနဲ့ စစ်ကောင်စီခန့်ကိုယ်စားလှယ်နဲ့အတူ အစည်းအဝေး ထိုင်နေတာမျိုး မဖြစ်ချင်တာလို့ အမည်မဖော်လိုသူ ကုလသံတမန်တွေက ပြောပါတယ်။ 

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ၆ လက အာဆီယံခေါင်းဆောင်တွေအကြားရရှိထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် လမ်းပြမြေပုံကို အကောင်အထည်ဖော်ဖို့  ပျက်ကွက်ခဲ့လို့ စိတ်ပျက်လွန်းရတဲ့ မြန်မာအာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မပြုဖို့ကိစ္စ ဒီသောကြာနေ့မှာ အာဆီယံ ဝန်ကြီးတွေ အရေး‌ပေါ်အထူးအစည်းအဝေး တရပ်ကျင်းပဖို့ရှိနေတာပါ။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အွန်လိုင်းအစည်းအဝေးကို ဂရင်းနစ်စံတော်ချိန် ၁၁ နာရီမှာ စတင်မှာဖြစ်ပြီး စစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှား အပါအ၀င် အာဆီယံ ၁၀ နိုင်ငံရဲ့အဖွဲ့ဝင်အချို့ကတော့ မြန်မာအာဏာသိမ်းစစ်တပ်ဟာ အာဆီယံသဘောတူညီချက်တွေကို တိုးတက်အောင်မြင်ဆောင်ရွက်ခြင်း မရှိလို့  အောက်တိုဘာလ ၂၆ ရက်မှာ စတင်ဖို့စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ စစ်ခေါင်းဆောင်ကို တက်ခွင့်မပြုဖို့ ပြောထားကြပါတယ်။

9 mins Ago

July 22, 2020

ဆေးရုံတက်နေရသည့် ဆော်ဒီဘုရင် ဆယ်လ်မန်  အွန်လိုင်းမှ အစိုးရအဖွဲ့ အစည်းအဝေးကျင်းပ 

အသက် ၈၄ နှစ်အရွယ် ဆော်ဒီဘုရင် ဆယ်လ်မန်ဟာ ဆေးရုံတက်ပြီး နောက်တစ်ရက် ဇူလိုင်လ ၂၁  ရက်မှာ  ဆေးရုံကနေ ဗွီဒီယို ကောလ်နဲ့  အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။  ဘုရင် ဆယ်လ်မန်ဟာ သည်းခြေအိတ်ရောင်တာကြောင့် ဆေးရုံတက်တာ ဖြစ်တယ်လို့  နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။ ဘုရင်ဆယ်လ်မန် အခြေအနေဟာ တည်ငြိမ်တယ်လို့လည်း  ဆော်ဒီသတင်းရင်းမြစ်  ၃ ခုက   ရိုက်တာကို ပြောထားပါတယ်။ ဆော်ဒီဘုရင် ဆေးရုံကနေ   ဗွီဒီယိုကောလ်နဲ့  အစိုးရအဖွဲ့ အစည်းဝေး ပြုလုပ်နေပုံကို နိုင်ငံပိုင် ရုပ်သံက နေ ပြသခဲ့ပါတယ်။  ဘုရင် ဆယ်လ်မန်ဟာ  ဆေးစစ်ခံယူနေတယ်လို့ ဘုရင့်နန်းတော် ကြေညာချက်ကို ကိုးကားပြီး   နိုင်ငံပိုင်သတင်းဌာနက ဇူလိုင်လ  ၂၀ ရက်မှာ ထုတ်လွှင့်ပါတယ်။   အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဟာလည်း အီရတ်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကိုဖျက်လိုက်ပြီး   ဇူလိုင် ၂၀ ရက်က  ပင်လယ်နီမြို့ရှိ သူ့နန်းတော်ကနေ မြို့တော် ရီယာ့ဒ်ကို ပြန်လာခဲ့ပါတယ်။ မတ်လ ၁၉ ရက်က ဘုရင် ဆယ်မန်ဟာ  ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်လို့ ရုပ်သံကနေ ၅ မိနစ်ကြာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။   ဘုရင် ဆယ်လ်မန်  အွန်လိုင်း အစည်းဝေး ကျင်းပတဲ့ ဓာတ်ပုံ ၊ ဗွီဒီယိုတွေကို  နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့ပြီး  အိမ်ရှေ့မင်းသား အစည်းဝေး  တက်ရောက်တဲ့ ပုံတွေကိုလည်း  မီဒီယာတွေက  ထုတ်လွှင့်ပြသခဲ့ပါတယ်။
1 year Ago
Up