close

အာဆီယံဝန်ကြီးများနှင့် အွန်လိုင်းအစည်းအဝေးပွဲကို ရွှေ့ဆိုင်းရန် ကုလအကြီးအကဲတောင်းဆို

ကုလသမဂ္ဂအကြီးအကဲ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ အောက်တိုဘာ ၁၅ ရက် ဒီနေ့ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့   virtual အွန်လိုင်းအစည်းအဝေးကို ရွှေ့ဆိုင်းဖို့  နောက်ဆုံးမိနစ်မှာ တောင်းဆိုလိုက်ပါတယ်။ 

ဒါဟာ မြန်မာစစ်တပ်ရဲ့ကိုယ်စားလှယ်နဲ့  အွန်လိုင်းအစည်းအဝေးခန်းထဲမှာ အတူတူ ရှိနေခြင်းအားဖြင့် မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုသလိုဖြစ်စေမှာမျိုး ဘယ်လိုနည်းနဲ့မဆို ရှောင်ရှားဖို့ အချက်ပြလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ သံတမန်တွေက ပြောပါတယ်။

မြန်မာစစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် အပါအဝင် အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့အကြား အစည်းအဝေးကို သောကြာနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

ဒါပေမဲ့လည်း အဲ့ဒီရက် မတိုင်ခင်လေးမှာ မစ္စတာဂူတာရက်စ်က လက်ရှိဖြစ်ပေါ်နေတဲ့ အရေးတကြီးဆောင်ရွက်နေတဲ့ နိုင်ငံတကာနဲ့ဒေသတွင်း ပြဿနာတွေကို အကြောင်းပြပြီး နှစ်ဦးနှစ်ဖက်သဘောတူနိုင်တဲ့ပုံစံနဲ့ ကျင်းပနိုင်တဲ့အချိန်ထိ အစည်းအဝေးကိုရွှေ့ဆိုင်းဖို့ အာဆီယံကို တောင်းဆိုခဲ့ကြောင်း အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းဆီကနေ သိရကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

ရွေးကောက်ခံအစိုးရက ခန့်အပ်ထားတဲ့ လက်ရှိကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး  ဦးကျော်မိုးထွန်းနဲ့  စစ်တပ်က အပြိုင်တင်သွင်းထားတဲ့သံတမန်တို့အကြား  ဘယ်သူ့ကိုခန့်အပ်မလဲဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက် မချခင်မှာ  ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်အနေနဲ့ စစ်ကောင်စီခန့်ကိုယ်စားလှယ်နဲ့အတူ အစည်းအဝေး ထိုင်နေတာမျိုး မဖြစ်ချင်တာလို့ အမည်မဖော်လိုသူ ကုလသံတမန်တွေက ပြောပါတယ်။ 

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ၆ လက အာဆီယံခေါင်းဆောင်တွေအကြားရရှိထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် လမ်းပြမြေပုံကို အကောင်အထည်ဖော်ဖို့  ပျက်ကွက်ခဲ့လို့ စိတ်ပျက်လွန်းရတဲ့ မြန်မာအာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မပြုဖို့ကိစ္စ ဒီသောကြာနေ့မှာ အာဆီယံ ဝန်ကြီးတွေ အရေး‌ပေါ်အထူးအစည်းအဝေး တရပ်ကျင်းပဖို့ရှိနေတာပါ။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အွန်လိုင်းအစည်းအဝေးကို ဂရင်းနစ်စံတော်ချိန် ၁၁ နာရီမှာ စတင်မှာဖြစ်ပြီး စစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှား အပါအ၀င် အာဆီယံ ၁၀ နိုင်ငံရဲ့အဖွဲ့ဝင်အချို့ကတော့ မြန်မာအာဏာသိမ်းစစ်တပ်ဟာ အာဆီယံသဘောတူညီချက်တွေကို တိုးတက်အောင်မြင်ဆောင်ရွက်ခြင်း မရှိလို့  အောက်တိုဘာလ ၂၆ ရက်မှာ စတင်ဖို့စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ စစ်ခေါင်းဆောင်ကို တက်ခွင့်မပြုဖို့ ပြောထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up