ဥရောပကော်မရှင်ဟာ ယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂ အဖွဲ့ဝင်လောင်းအဖြစ် ဇွန် ၁၇ ရက် မှာ ထောက်ခံအကြံပြုခဲ့ပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွှန် ဒရ် လေယန် က ယူကရိန်းနိုင်ငံဟာ ဥရောပတန်ဖိုးတွေနဲ့ စံချိန်စံညွှန်းတွေကို ပြည့်မီကြောင်း ဆန္ဒနဲ့ သန္နိဋ္ဌာန်ကို ထင်ထင်ရှားရှား ပြသခဲ့ကြောင်းလည်း ပြောပါတယ်။
နယ်သာလန်နဲ့ ဒိန်းမတ်အပါအဝင် အီးယူနိုင်ငံအချို့ဟာ အီးယူအဖွဲ့ဝင် ကိုယ်စားလှယ်လောင်းတွေ ဖြစ်လာဖို့ လုပ်နေတဲ့ နိုင်ငံတွေကို မထောက်ခံပေးပေမယ့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီက ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ရိုမေးနီးယားတို့ရဲ့ ထောက်ခံအားပေးမှုကို ဇွန် ၁၆ ရက်က ရရှိခဲ့တာပါ။
ဥရောပကော်မရှင်ဟာ မော်လ်ဒိုဗာနိုင်ငံကိုလည်း အီးယူအဖွဲ့ဝင်လောင်းအဖြစ် သတ်မှတ်ပေးကြောင်းနဲ့ ဂျော်ဂျီယာနိုင်ငံကတော့ သတ်မှတ်ချက်တွေ ပြည့်မီဖို့ လိုသေးကြောင်းလည်း ပြောသွားပါတယ်။
EU အမှုဆောင်အဖွဲ့ဖြစ်တဲ့ ကော်မရှင်ရဲ့ဆုံးဖြတ်ချက်ဟာ လာမယ့် ဇွန် ၂၃ ရက်နဲ့ ၂၄ ရက် ဘရပ်ဆဲလ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမှာ အီးယူ အစိုးရခေါင်းဆောင်တွေ စာရင်းသွင်းဖို့ စီစဉ်ထားမှာဖြစ်ပါတယ်။
ရုရှားကတော့ ယူကရိန်းရဲ့ အီးယူကိုယ်စားလှယ်လောင်း ဖြစ်ခွင့်မှာ သူ့ရဲ့အသိအမှတ်ပြုမှု လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလင်က ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထစေဖို့နဲ့ တရုတ်ရဲ့ BRI စနစ်ကို ပြိုင်ဆိုင်ဖို့အတွက် အာဖရိကမှာ ယူရိုငွေ ၁၅၀ ဘီလီယံ (ဒေါ်လာ ၁၇၀ ဘီလီယံ) ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။
မစ္စအာဆူလာက နောက်တပတ်ကျင်းပမယ့် ဥရောပသမဂ္ဂနဲ့ အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးအတွက် ဆီနီဂေါလ်နိုင်ငံကို ကြိုရောက်ရှိနေစဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
ဥရောပသမဂ္ဂရဲ့ Global Gateway strategy အစီအစဉ်အောက်ကနေ အာဖရိကနိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံ၊ စက်မှုဖွံ့ဖြိုးမှု၊ ရာသီဥတုတိုက်ဖျက်မှု၊ ပညာရေး၊ ကျန်းမာရေး စတာတွေမှာ ရင်းနှီးမြှုပ်နှံမှာပါ။
ဥရောပရဲ့ Global Gateway strategy အစီအစဉ်က ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက် တရုတ်ရဲ့ BRI စီမံကိန်းကို အစားထိုးဖို့ ဆောင်ရွက်နေတာပါ။
ပြီးခဲ့တဲ့ဒီဇင်ဘာမှာ အာဖရိကဟာ အဲဒီအစီအစဉ်ကနေ ယူရို ၃၀၀ ဘီလီယံ ဖွံ့ဖြိုးရေးအကူအညီ ရခဲ့ပါသေးတယ်။
ဥရောပနိုင်ငံတွေဟာ လက်ရှိမှာ အာဖရိကရဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့အတွက် ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ပြဿနာတွေကို ဦးစားပေးဖြေရှင်းပေးနေပါတယ်။