ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ ယူကရိန်းပြည်သူတွေရဲ့ တိုက်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ အတွေးအခေါ် လွတ်လပ်ခွင့်အတွက် ပေးတဲ့ ဥရောပလွှတ်တော်က နှစ်စဉ်ချီးမြှင့်နေကျ ဆာခါရော့ဗ်ဆုကို ဒီဇင်ဘာ ၁၄ ရက်မှာ ရုရှားပြည်သူတွေ လက်ခံရယူခဲ့ပါတယ်။
ဒီဆုကို ကွယ်လွန်သူ ဆိုဗီယက် အတိုက်အခံခေါင်းဆောင် အန်ဒရေ ဆာခါရော့ဗ်ကို အစွဲပြုပြီး နာမည်ပေးထားတာပါ။
၁၉၈၈ ခုနှစ်က စတင်ပြီး လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ်ချီးမြှင့်ခဲ့ပါတယ်။
ယူကရိန်းပြည်သူတွေကိုယ်စား စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်တပ်ဖွဲ့ကို တည်ထောင်သူ၊ လူ့အခွင့်အရေးရှေ့နေ အိုလက်စန်ဒရာ မတ်ဗီးချော့ခ်နဲ့ သိမ်းပိုက်ခံ မယ်လစ်တိုပိုမြို့က မြို့တော်ဝန် အီဗန် ဖှေဒိုရော့ဗ် တို့က ဆုတက်ယူခဲ့ပါတယ်။
ဒီဆုမှာ ဆုငွေ ယူရို ၅၀,၀၀၀ (ဒေါ်လာ ၅၃,၂၄၀) ပါဝင်ပြီး ယူကရိန်းအရပ်ဘက် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေကို ခွဲဝေပေးမှာ ဖြစ်ပါတယ်။
ရုရှားစစ်တပ်ဟာ စွမ်းအင်အခြေခံအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေလို အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် အကြမ်းဖက်မှုကို အစိုးရက ထောက်ပံ့တဲ့နိုင်ငံအဖြစ် သတ်မှတ်လိုက်ကြောင်း ဥရောပလွှတ်တော်က နိုဝင်ဘာ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အကြမ်းဖက်ဝါဒကို ရုရှားအစိုးရကိုယ်တိုင်က ပံ့ပိုးကူညီပေးနေတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဥရောပလွှတ်တော် အမတ်တွေက ထောက်ခံမဲပေးခဲ့ကြပါတယ်။
တချိန်တည်းမှာ ဥရောပလွှတ်တော်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်တာနဲ့ ပတ်သက်ပြီး ရုရှားအပေါ် မကြုံစဘူး ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ထားပြီးပါပြီ။ ရုရှားအစိုးရကတော့ ဥရောပလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
“ဥရောပလွှတ်တော်ကို မိုက်မဲမှုကို ပံ့ပိုးသူအဖြစ် သတ်မှတ်ဖို့ ကျမ အဆိုပြုပါတယ်”လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက တယ်လီဂရမ် လူမှုကွန်ရက်ပေါ်မှာ ရေးသားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားကို အကြမ်းဖက်ဝါဒ ပံ့ပိုးကူညီတဲ့ နိုင်ငံတော်အဖြစ် ကြေညာဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေကို တိုက်တွန်းထားပြီး ရုရှားတပ်ဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထားနေတယ်လို့ စွပ်စွဲထားပါတယ်။ စွပ်စွဲချက်ကို ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က လွှတ်တော်နှစ်ရပ်စလုံးမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ထားပေမဲ့ ရုရှားကို စာရင်းထဲထည့်မထားပါဘူး။
အမေရိကန် နိုင်ငံခြားရေးဌာနဟာ လက်ရှိမှာ ကျူးဘား၊ မြောက်ကိုရီးယား၊ အီရန်နဲ့ ဆီးရီးယားတို့ကို အကြမ်းဖက်မှုအား အစိုးရက ပံ့ပိုးကူညီတဲ့နိုင်ငံတွေအဖြစ် နာမည်ပေးထားပြီး ဒီနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးပို့ကုန်တားဆီးပိတ်ပင်တာနဲ့ ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တွေခံကြရမှာပါ။
အကြမ်းဖက်ဝါဒကို အစိုးရကိုယ်တိုင် ပံ့ပိုးကူညီတဲ့နိုင်ငံအဖြစ် ရုရှားကို လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စတိုးနီးယားနဲ့ ပိုလန်တို့က သတ်မှတ်ထားပါတယ်။