ရုရှားဟာ အကြမ်းဖက်မှုကို ကူညီထောက်ပံ့သည့်နိုင်ငံဖြစ်ဟု ဥရောပလွှတ်တော် ကြေညာ

ရုရှားစစ်တပ်ဟာ စွမ်းအင်အခြေခံအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေလို အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် အကြမ်းဖက်မှုကို အစိုးရက ထောက်ပံ့တဲ့နိုင်ငံအဖြစ် သတ်မှတ်လိုက်ကြောင်း ဥရောပလွှတ်တော်က နိုဝင်ဘာ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အကြမ်းဖက်ဝါဒကို ရုရှားအစိုးရကိုယ်တိုင်က ပံ့ပိုးကူညီပေးနေတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဥရောပလွှတ်တော် အမတ်တွေက ထောက်ခံမဲပေးခဲ့ကြပါတယ်။
တချိန်တည်းမှာ ဥရောပလွှတ်တော်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်တာနဲ့ ပတ်သက်ပြီး ရုရှားအပေါ် မကြုံစဘူး ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ထားပြီးပါပြီ။ ရုရှားအစိုးရကတော့ ဥရောပလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
“ဥရောပလွှတ်တော်ကို မိုက်မဲမှုကို ပံ့ပိုးသူအဖြစ် သတ်မှတ်ဖို့ ကျမ အဆိုပြုပါတယ်”လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက တယ်လီဂရမ် လူမှုကွန်ရက်ပေါ်မှာ ရေးသားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားကို အကြမ်းဖက်ဝါဒ ပံ့ပိုးကူညီတဲ့ နိုင်ငံတော်အဖြစ် ကြေညာဖို့ အမေရိကန်နဲ့ တခြားနိုင်ငံတွေကို တိုက်တွန်းထားပြီး ရုရှားတပ်ဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထားနေတယ်လို့ စွပ်စွဲထားပါတယ်။ စွပ်စွဲချက်ကို ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က လွှတ်တော်နှစ်ရပ်စလုံးမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ထားပေမဲ့ ရုရှားကို စာရင်းထဲထည့်မထားပါဘူး။
အမေရိကန် နိုင်ငံခြားရေးဌာနဟာ လက်ရှိမှာ ကျူးဘား၊ မြောက်ကိုရီးယား၊ အီရန်နဲ့ ဆီးရီးယားတို့ကို အကြမ်းဖက်မှုအား အစိုးရက ပံ့ပိုးကူညီတဲ့နိုင်ငံတွေအဖြစ် နာမည်ပေးထားပြီး ဒီနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးပို့ကုန်တားဆီးပိတ်ပင်တာနဲ့ ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တွေခံကြရမှာပါ။
အကြမ်းဖက်ဝါဒကို အစိုးရကိုယ်တိုင် ပံ့ပိုးကူညီတဲ့နိုင်ငံအဖြစ် ရုရှားကို လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စတိုးနီးယားနဲ့ ပိုလန်တို့က သတ်မှတ်ထားပါတယ်။