close

၂၄ နာရီ

close

April 4, 2022

ဘဏ်စာရင်းထဲ ဝင်လာသည့် နိုင်ငံခြားငွေများ ၂၄ နာရီအတွင်း မလဲလှယ်ပါက အရေးယူမည်

မြန်မာပြည်တွင်းနေထိုင်သူတွေရဲ့ ဘဏ်စာရင်းတွေကိုဝင်ရောက်လာတဲ့ နိုင်ငံခြားငွေတွေကို အမေရိကန် တဒေါ်လာလျှင်  မြန်မာကျပ် ၁၈၅၀ နှုန်းနဲ့ ၂၄ နာရီအတွင်း လဲလှယ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ညွှန်ကြားပါတယ်။

ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ပြည်ပကနိုင်ငံခြားသုံးငွေနဲ့ရရှိတဲ့ ဝင်ငွေတွေကို မြန်မာနိုင်ငံထဲ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်ပြီး အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမယ်လို့ ညွှန်ကြားချက်ထုတ်လိုက်တာပါ။

ဒီညွှန်ကြားချက်အရ ဘဏ်တွေအနေနဲ့ စာရင်းကို ဝင်ရောက်လာတဲ့ ကုန်သွယ်မှုကရတဲ့ငွေရော ကုန်သွယ်မှုမဟုတ်တဲ့ ရငွေတွေကိုပါ စာရင်းကိုဝင်ရောက်ပြီးတဲ့နေ့က အလုပ်လုပ်ရက် တရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ပြီး အဲဒီနိုင်ငံခြားငွေရသူဖွင့်ထားတဲ့ ကျပ်ငွေ စာရင်းကို ထည့်ပေးရမယ်လို့ ဆိုပါတယ်။

အမေရိကန်တဒေါ်လာကို ကျပ် ၁၈၅၀ နှုန်းဖြစ်ပြီး တခြားငွေကြေးတွေအတွက်ကိုလည်း ဒီနှုန်းကို အခြေခံပြီး ဗဟိုဘဏ်က တွက်ချက်ထားတဲ့နှုန်းနဲ့ လဲပေးရမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က နိုင်ငံခြားငွေစာရင်းတွေထဲမှာရှိနေတဲ့ နိုင်ငံခြားငွေတွေကိုလည်း မြန်မာကျပ်ငွေနဲ့ လဲပစ်ဖို့ ညွှန်ကြားထားပါတယ်။

ပြီးတော့ ဧပြီ ၄ ရက် ဒီနေ့က စလို့ နိုင်ငံခြားသုံးငွေတွေ ပြည်ပကို လွှဲဖို့အတွက်  နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

နိုင်ငံခြားငွေကို ကျပ်ငွေနဲ့ လဲလှယ်တဲ့အခါ ကင်းလွတ်ခွင့်ပြုမယ့်ကိစ္စရပ်တွေ ပေါ်ပေါက်လာရင်လည်း သီးခြားထုတ်ပြန်မယ်လို့ဆိုပြီး ဒါတွေကို မလိုက်နာရင် အရေးယူမယ်လို့လည်း ဆိုပါတယ်။

5 mins Ago

October 25, 2020

နိုင်ဂျီးရီးယားတွင် ၂၄ နာရီ အပြင်မထွက်ရအမိန့် ပြန်ဖြေလျော့

နိုင်ဂျိးရီးယားနိုင်ငံရဲ့ အကြီးဆုံးပြည်နယ် လာဂို့စ်က အာဏာပိုင်တွေဟာ လတ်တလော ရက်အတွင်း မတည်ငြိမ်မှုကို ထိန်းသိမ်းပြီး ဥပဒေစိုးမိုးစေဖို့ ကြိုးစားတဲ့အနေနဲ့ ထုတ်ပြန်ထားတဲ့ ၂၄ နာရီ အပြင်မထွက်ရအမိန့်ကို အောက်တိုဘာ ၂၄ ရက်မှာ ပြန်ပြီး ဖြေလျှော့ပေးလိုက်ပါတယ်။  ရဲတွေရဲ့ ရက်စက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။ အောက်တိုဘာ ၂၄ ရက်မှာတော့ မြို့ရဲ့အသက်ဝင်မှု ပုံမှန်လို တဖြည်းဖြည်း ပြန်ဖြစ်လာပါတယ်။  ခုတော့ ဒေသစံတော်ချိန် ညနေ ၆ နာရီကနေ မနက် ၈ နာရီထိ အပြင်မထွက်ရအမိန့် ထုတ်ထားပါတယ်။ အဓိက လမ်းတွေပေါ်က အကြမ်းဖက်မှုတွေကြောင့်ဖြစ်တဲ့ အပျက်အစီး အမှိုက်သရိုက်တွေကို လမ်းသန့်ရှင်းရေးသမားတွေက ဖယ်ထုတ်လိုက်လို့ ခုတော့ ယာဉ်ကြောပုံမှန် ပြန်ဖြစ်နေပါပြီ။  လူဦးရေ သန်း ၂၀ ရှိတဲ့ လာဂို့စ်မြို့မှာ အောက်တိုဘာ ၂၀ ရက်ညကစပြီး အကြမ်းဖက်မှု မြင့်တက်လာခဲ့တာပါ။  မြို့တွင်း ခရိုင် ၂ ခုမှာ အင်္ဂါနေ့က ရဲနဲ့စစ်သားတွေဟာ ဆန္ဒပြသူ ၁၂ ယောက်ကို သတ်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International က ပြောပါတယ်။  ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ချက်ချင်း စေ့စေ့စပ်စပ်စစ်ဆေးဖို့ Amnesty International နဲ့ တခြားအဖွဲ့ ၄၀ က အောက်တိုဘာ ၂၂ ရက်မှာ တောင်းဆိုထားပါတယ်။
1 year Ago
Up