close

ဘဏ်စာရင်းထဲ ဝင်လာသည့် နိုင်ငံခြားငွေများ ၂၄ နာရီအတွင်း မလဲလှယ်ပါက အရေးယူမည်

မြန်မာပြည်တွင်းနေထိုင်သူတွေရဲ့ ဘဏ်စာရင်းတွေကိုဝင်ရောက်လာတဲ့ နိုင်ငံခြားငွေတွေကို အမေရိကန် တဒေါ်လာလျှင်  မြန်မာကျပ် ၁၈၅၀ နှုန်းနဲ့ ၂၄ နာရီအတွင်း လဲလှယ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ညွှန်ကြားပါတယ်။

ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ပြည်ပကနိုင်ငံခြားသုံးငွေနဲ့ရရှိတဲ့ ဝင်ငွေတွေကို မြန်မာနိုင်ငံထဲ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်ပြီး အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမယ်လို့ ညွှန်ကြားချက်ထုတ်လိုက်တာပါ။

ဒီညွှန်ကြားချက်အရ ဘဏ်တွေအနေနဲ့ စာရင်းကို ဝင်ရောက်လာတဲ့ ကုန်သွယ်မှုကရတဲ့ငွေရော ကုန်သွယ်မှုမဟုတ်တဲ့ ရငွေတွေကိုပါ စာရင်းကိုဝင်ရောက်ပြီးတဲ့နေ့က အလုပ်လုပ်ရက် တရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ပြီး အဲဒီနိုင်ငံခြားငွေရသူဖွင့်ထားတဲ့ ကျပ်ငွေ စာရင်းကို ထည့်ပေးရမယ်လို့ ဆိုပါတယ်။

အမေရိကန်တဒေါ်လာကို ကျပ် ၁၈၅၀ နှုန်းဖြစ်ပြီး တခြားငွေကြေးတွေအတွက်ကိုလည်း ဒီနှုန်းကို အခြေခံပြီး ဗဟိုဘဏ်က တွက်ချက်ထားတဲ့နှုန်းနဲ့ လဲပေးရမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က နိုင်ငံခြားငွေစာရင်းတွေထဲမှာရှိနေတဲ့ နိုင်ငံခြားငွေတွေကိုလည်း မြန်မာကျပ်ငွေနဲ့ လဲပစ်ဖို့ ညွှန်ကြားထားပါတယ်။

ပြီးတော့ ဧပြီ ၄ ရက် ဒီနေ့က စလို့ နိုင်ငံခြားသုံးငွေတွေ ပြည်ပကို လွှဲဖို့အတွက်  နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

နိုင်ငံခြားငွေကို ကျပ်ငွေနဲ့ လဲလှယ်တဲ့အခါ ကင်းလွတ်ခွင့်ပြုမယ့်ကိစ္စရပ်တွေ ပေါ်ပေါက်လာရင်လည်း သီးခြားထုတ်ပြန်မယ်လို့ဆိုပြီး ဒါတွေကို မလိုက်နာရင် အရေးယူမယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up