ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ၊ APEC အစည်းအဝေးကာလ ဆန္ဒပြသူတွေဟာ ခွင့်ပြုထားတဲ့ အတိုင်းအတာထက် ကျော်လွန်လို့ ဆန္ဒပြခွင့်ဥပဒေနဲ့ မညီညွတ်မှု၊ တာဝန်ရှိသူတွေကို ပြန်လည်ခုခံလို့ ဝတ္တရားနှောင့်ယှက်မှု၊ နိုင်ငံပိုင်ပစ္စည်းဖျက်ဆီးမှု၊ တာဝန်ထမ်းဆောင်သူတွေကို ထိခိုက်နာကျင်စေမှုနဲ့ အရေးယူအပြစ်ပေးခံရမယ်လို့ ထိုင်းသတင်းမှာ ရေးပါတယ်။
ဆန္ဒပြသူတွေဘက်ကလည်း တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လက်နက်မပါ လက်ဗလာနဲ့ ပြည်သူတွေကို လက်နက်နဲ့နှိမ်နင်းတာဟာ ဥပဒေချိုးဖောက်ရာရောက်တာကြောင့် ကျူးလွန်သူတွေကို စစ်ဆေးအပြစ်ပေးဖို့ ရှေ့နေတွေနဲ့ တရားစွဲဖို့ ဆောင်ရွက်နေပါတယ်။
APEC အစည်းအဝေးကာလ ဆန္ဒပြသူနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိခဲ့ပြီး ဆန္ဒပြတဲ့ဘက်က ၂၅ ဦး အဖမ်းခံရသလို ၁၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။ အလားတူ လုံခြုံရေးရဲတပ်ဖွဲ့ဘက်ကလည်း ၁၅ ဦးခန့် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ထိပ်သီးအစည်းအဝေး နိုဝင်ဘာ ၁၉ ရက်မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်ထိ အလုပ်အဖွဲ့တွေ ဆွေးနွေးကြပြီး နိုင်ငံတကာ ထိပ်သီးခေါင်းဆောင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲကိုတော့ နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံတကာဧည့်သည် ၅,၀၀၀ ကျော်ပါဝင်တဲ့ အစည်းအဝေးကြီး အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် အဘက်ဘက်က သက်ဆိုင်ရာအားလုံးကို ကျေးဇူးတင်ကြောင်း၊ နိုင်ငံတကာ ဧည့်သည်တွေကို လှိုက်လှဲဖော်ရွေစွာ ဧည့်ခံခဲ့တဲ့ ဘုရင်ကြီးနဲ့ တော်ဝင်မိသားစုကိုလည်း ကျေးဇူးတင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အစည်းအဝေးကြွရောက်လာတဲ့ ဧည့်သည်တော်တွေဟာ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလ့ထုံးစံတွေပါ လေ့လာခွင့်ရပြီး ကျေနပ်ဝမ်းမြောက်ကြကြောင်း၊ ပိုထူးခြားတာက ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က လက်ဝှေ့ရုံ၊ ညဈေးတန်း၊ တရုတ်တန်းနဲ့ ဘုန်းကြီးကျောင်းတွေကို လွတ်လပ်ပေါ့ပါးစွာ လည်ပတ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံဟာဆိုရင် ဝန်ကြီးချုပ်၊ အိမ်ရှေ့မင်းသား မိုဟာမက်ဒ် ဘင် ဆယ်လ်မန် အပြင် စီးပွားရေး၊ အလုပ်သမားနဲ့ စိုက်ပျိုးရေး စတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေပါ ၁၀ ဦးကျော် တက်ရောက်ပြီး ထိုင်းနိုင်ငံက သွင်းကုန်၊ ပို့ကုန်ကိစ္စ၊ အလုပ်သမားအရေးတွေပါ ဆွေးနွေးခဲ့ရပြီး အနာဂတ် ၂ နိုင်ငံ စီးပွားရေးအတွက် ကောင်းမွန်တဲ့အလားအလာကောင်းတွေ ရခဲ့တယ်လို့ TNN အစိုးရဘက်ယိုင်တဲ့ သတင်းဌာနက ဖော်ပြပါတယ်။
ဒီဆွေးနွေးပွဲထဲမှာ နောက်ထပ်ထင်ရှားသူတဦးကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် ဖြစ်ကြောင်း၊ တရုတ်သမ္မတက စစ်အေးတိုက်ပွဲကို ဆန့်ကျင်ပြီး ကမ္ဘာ့အာဏာရှင်စနစ်ကို မလိုလားကြောင်း တဖက်သတ် ဆုံးဖြတ်ချက်ချတာကို မလိုလားသလို ကိုယ်ကျိုးအတွက် စီးပွားရေးပြုလုပ်တာကို မလိုလားကြောင်း၊ အေပက်ဟာ အာဏာပြိုင်ဆိုင်တဲ့နေရာမဟုတ်၊ ဒီခေတ်မှာ စစ်အေးတိုက်ပွဲ လုပ်တာကို လုံးဝလက်မခံကြောင်း ထွက်ပေါက်ပိတ်စေတဲ့ စီးပွားရေးစနစ်ကို လက်မခံကြောင်း စတဲ့ သူ့ရဲ့ အာဘော်တွေ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံကလည်း နိုင်ငံ့စီးပွားရေး ရေရှည်တည်တံ့ခိုင်မြဲသော BCG (ဇီဝစီးပွားရေး (Bioeconomy) လည်ပတ်သောစီးပွားရေး (Circular Economy) အစိမ်းရောင်စီးပွားရေး (Green Economy) စတဲ့ အချက် ၃ ချက်ကို အခြေခံတဲ့ စီးပွားရေးစနစ်နဲ့ သွားမယ့်အကြောင်း ရှင်းလင်းခဲ့ပါတယ်။
အေပက် အစည်းအဝေးကို ထိုင်းက အိမ်ရှင်အဖြစ် ကျင်းပနိုင်ခဲ့ခြင်းအားဖြင့် ထိုင်းရဲ့ Soft Power ကို ပြသနိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ လက်ရှိအစိုးရပေါ် ယုံကြည်မှုရရှိကာ ရှေ့ဆက် နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံမှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး ခရီးသွားလုပ်ငန်းတွေလည်း အောင်မြင်လာဖို့ အလားအလာရှိကြောင်း TNN သတင်းမှာ သုံးသပ်ပါတယ်။
Ref-TNN
အာရှပစိဖိတ်ဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန် ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင်သူတွေက ဆန္ဒပြခဲ့ကြတာကြောင့် ရဲလုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲပြီး ဆန္ဒပြသူတချို့ကို ဖမ်းဆီးခဲ့ပါတယ်။
ဆန္ဒပြတဲ့ ပူးပေါင်းအဖွဲ့အစည်း အနည်းဆုံး ၇ ဖွဲ့လောက်ရှိပြီး “What Happened in Thailand” “People stop APEC 2022” စတဲ့ ခေါင်းစီးဆိုင်းဘုတ်တွေနဲ့ နိုဝင်ဘာ ၁၆ ရက်က စတင်ဆန္ဒပြခဲ့ရာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ဆန္ဒပြသူနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ခဲ့ကြတာပါ။
ဆန္ဒပြသူတွေဟာ ဘန်ကောက် ဖရနခွန်းနယ်မြေ ပြည်သူ့ရင်ပြင်ကနေပဲ ဆန္ဒပြဖို့ သက်ဆိုင်ရာက ခွင့်ပြုထားပေမဲ့ APEC အစည်းအဝေးကျင်းပရာ သီရိခေတ် အမျိုးသားခန်းမဆီကို ချီတက်ဖို့ ကြိုးစားတာကြောင့် ဟန့်တားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။
ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အနီး ဒင်းဆော်လမ်းပေါ်မှာ ပိတ်ပြီးရပ်ထားတဲ့ ရဲကားကို ဆန္ဒပြသူတွေက ဝိုင်းတွန်းကာ ဖယ်ရှားပစ်ဖို့ ကြိုးစားသလို တချို့ကလည်း ပိတ်ထားတဲ့ သံဆူးကြိုးကနေ ဖြတ်သွားဖို့ ကြိုးစားတာကြောင့် လုံခြုံရေးဘက်က ရာဘာကျည်နဲ့ ပစ်ခတ်ပြီး ဆန္ဒပြပွဲတိုင်းရှေ့ဆုံးကနေ အမြဲတက်ကြွစွာပါတဲ့ အသက် ၆၀ အရွယ် ပါ့ပေါက် ဆိုသူ အမျိုးသမီး ၁ ဦးအပြင် တခြားဆန္ဒပြသူ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး အဖမ်းခံရတယ်လို့ khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆန္ဒပြအမျိုးသမီးခေါင်းဆောင်တဦးဖြစ်တဲ့ မိုင်ဖတ်ချရာ့က သူတို့အနေနဲ့ APEC အစည်းအဝေးလာတဲ့ ခေါင်းဆောင်တွေကို သွားပြီးမောင်းထုတ်တာမဟုတ်ဘူးလို့ ပြောပါတယ်။
လက်ရှိအစိုးရက အစည်းအဝေးမှာတင်ပြပြီး သဘောတူလက်မှတ်ထိုးမယ့် စီးပွားရေးဆိုင်ရာ စာချုပ်ပါအချက်တွေဟာ ပြည်သူ့ဆန္ဒ ပြည်သူ့အကျိုးအမြတ်အတွက်မပါဘဲ အာဏာသိမ်း အစိုးရက တဖက်သတ် သူတို့သဘောနဲ့သူတို့ လုပ်ထားတာကို ကမ္ဘာ့ခေါင်းဆောင်တွေ သိအောင်ပြချင်တယ်။ လက်ရှိအစိုးရဟာ ပြည်သူတွေပေါ် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ ပြသချင်တဲ့သဘောနဲ့ တောင်းဆိုချက်တွေ သွားပေးပို့ဖို့ပဲဖြစ်တယ်လို့ ပြောပါတယ်။
“လက်နက်မပါ လက်ဗလာနဲ့ လာတဲ့ဆန္ဒပြသူတွေကို လုံခြုံရေးဘက်က ရာဘာကျည်နဲ့ ပစ်ခတ်တာဟာ လွန်လွန်းတယ်၊ ဒီမနက် ပစ်ခတ်မှုမှာ ဒဏ်ရာရသူတွေရှိတယ်၊ အချုပ်ကားပေါ် ဆွဲတင်ခံရတဲ့လူတွေရှိတယ်၊ ဘယ်လောက်ပါသွားလဲဆိုတာ မသိနိုင်အောင်ဘဲ၊ ပြည်သူ့ရဲတပ်ဖွဲ့ပေါ် အယုံအကြည်မရှိဘူး”လို့ မိုင်ဖတ်ချရာ့က သတင်းထောက်တွေကို ပြောပါတယ်။
လုံခြုံရေးရဲတွေကတော့ ဆန္ဒပြသူတွေအနေနဲ့ ခွင့်ပြုထားတဲ့နေရာကနေ မရွေ့ဖို့၊ အေပက်အစည်းအဝေးခန်းအနီး လုံးဝဝင်ရောက်ခွင့်မပြုဖို့ ရဲချုပ်ကြီးကိုယ်တိုင် ညွှန်ကြားထားကြောင်းနဲ့ ဖီဆန်မှုရှိက ဥပဒေမဲ့ဆန္ဒပြမှုနဲ့ အရေးယူရမယ်လို့ ပြောပါတယ်။
ဒီတခေါက်ဆန္ဒပြပွဲမှာ We Volunteer (We VO) အဖွဲ့ ၊ DRG ခေါ် ဒီမိုကရေစီရှင်သန်ရေးအဖွဲ့ ၊ SPT (Supporter Thailand) အဖွဲ့၊ What happened in Thailand ဆိုတဲ့ခေါင်းစဉ်နဲ့လာတဲ့အဖွဲ့ People Stop APEC 2022 ခေါင်းစည်းနဲ့လာတဲ့အဖွဲ့၊ ထိုင်းအလုပ်သမားသမဂ္ဂ၊ ပြည်သူ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကော်မတီ ၊ Thalu Wang စတဲ့အဖွဲ့အစည်းတွေ ရာနဲ့ချီပါဝင်ပါတယ်။
ဆန္ဒပြသူတွေဟာ အစိုးရက အေပက်အဖွဲ့ဝင်တွေနဲ့ သဘောတူ လက်မှတ်ရေးထိုးမယ့် BCG Model ခေါ် အစိမ်းရောင်စီးပွါးရေးစီမံကိန်းကို ကန့်ကွက်တဲ့အပြင် ပရယုဒ်ကျန်အိုးချား နုတ်ထွက်ပေးရေး၊ လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက် ပွဲပြန်ကျင်းပရေး ၊ စစ်ကောင်စီအလိုကျ ရေးသားထားတဲ့အခြေခံဥပဒေဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒအမှန်နဲ့ပြန်လည်ရေးဆွဲပြဋ္ဌာန်းရေး၊ နိုင်ငံရေးအမြင်မတူလို့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး စတာတွေကို တောင်းဆိုကြပါတယ်။
တချို့ကတော့ တိုင်းပြည်က အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ နိုင်ငံတကာစည်းဝေးပွဲမှာ တဘက်က အခုလိုဆန္ဒပြနေတာဟာ ရှက်ဖွယ်ရာဖြစ်ပြီး အမိနိုင်ငံကို မုန်းတီးအောင်လုပ် နေသူတွေလို့လည်း ဝေဖန်တာရှိနေပါတယ်။
နိုင်ငံရေးသမား တဦးကတော့ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်လေ့ရှိပြီး ဧည့်သည်တော်တွေဟာ သူတို့နိုင်ငံမှာလည်း ခုလိုဆန္ဒပြမှုတွေ ကြုံနေကျမို့ သူတို့အတွက် အထူးအဆန်းမဟုတ်ကြောင်း ၊ ဒါကြောင့် ဆန္ဒပြသူတွေကို ဝေဖန်စရာမလို ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာလို့ သတင်းထောက် တွေကို ပြောပါတယ်။
ကိုးကား- Khaosod