close

APEC အစည်းအဝေးကျင်းပနေသည့် ဘန်ကောက်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ရာဘာကျည်ဖြင့် ပစ်ခတ်ဖမ်းဆီး

အာရှပစိဖိတ်ဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန် ဘန်ကောက်မြို့မှာ အစိုးရကို ဆန့်ကျင်သူတွေက ဆန္ဒပြခဲ့ကြတာကြောင့် ရဲလုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်နဲ့ ပစ်ခတ် လူစုခွဲပြီး ဆန္ဒပြသူတချို့ကို ဖမ်းဆီးခဲ့ပါတယ်။

ဆန္ဒပြတဲ့ ပူးပေါင်းအဖွဲ့အစည်း အနည်းဆုံး ၇ ဖွဲ့လောက်ရှိပြီး “What Happened in Thailand” “People stop APEC 2022” စတဲ့ ခေါင်းစီးဆိုင်းဘုတ်တွေနဲ့ နိုဝင်ဘာ ၁၆ ရက်က စတင်ဆန္ဒပြခဲ့ရာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီကျော်လောက်မှာ ဆန္ဒပြသူနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ 

ဆန္ဒပြသူတွေဟာ ဘန်ကောက် ဖရနခွန်းနယ်မြေ ပြည်သူ့ရင်ပြင်ကနေပဲ ဆန္ဒပြဖို့ သက်ဆိုင်ရာက ခွင့်ပြုထားပေမဲ့ APEC အစည်းအဝေးကျင်းပရာ သီရိခေတ် အမျိုးသားခန်းမဆီကို ချီတက်ဖို့ ကြိုးစားတာကြောင့် ဟန့်တားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ 

ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အနီး ဒင်းဆော်လမ်းပေါ်မှာ ပိတ်ပြီးရပ်ထားတဲ့ ရဲကားကို ဆန္ဒပြသူတွေက ဝိုင်းတွန်းကာ ဖယ်ရှားပစ်ဖို့ ကြိုးစားသလို တချို့ကလည်း ပိတ်ထားတဲ့ သံဆူးကြိုးကနေ ဖြတ်သွားဖို့ ကြိုးစားတာကြောင့် လုံခြုံရေးဘက်က ရာဘာကျည်နဲ့ ပစ်ခတ်ပြီး ဆန္ဒပြပွဲတိုင်းရှေ့ဆုံးကနေ အမြဲတက်ကြွစွာပါတဲ့ အသက် ၆၀ အရွယ် ပါ့ပေါက် ဆိုသူ အမျိုးသမီး ၁ ဦးအပြင် တခြားဆန္ဒပြသူ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး အဖမ်းခံရတယ်လို့ khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆန္ဒပြအမျိုးသမီးခေါင်းဆောင်တဦးဖြစ်တဲ့  မိုင်ဖတ်ချရာ့က သူတို့အနေနဲ့ APEC  အစည်းအဝေးလာတဲ့ ခေါင်းဆောင်တွေကို သွားပြီးမောင်းထုတ်တာမဟုတ်ဘူးလို့ ပြောပါတယ်။

လက်ရှိအစိုးရက အစည်းအဝေးမှာတင်ပြပြီး သဘောတူလက်မှတ်ထိုးမယ့် စီးပွားရေးဆိုင်ရာ စာချုပ်ပါအချက်တွေဟာ ပြည်သူ့ဆန္ဒ ပြည်သူ့အကျိုးအမြတ်အတွက်မပါဘဲ အာဏာသိမ်း အစိုးရက တဖက်သတ် သူတို့သဘောနဲ့သူတို့ လုပ်ထားတာကို ကမ္ဘာ့ခေါင်းဆောင်တွေ သိအောင်ပြချင်တယ်။ လက်ရှိအစိုးရဟာ ပြည်သူတွေပေါ် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ ပြသချင်တဲ့သဘောနဲ့ တောင်းဆိုချက်တွေ သွားပေးပို့ဖို့ပဲဖြစ်တယ်လို့ ပြောပါတယ်။

“လက်နက်မပါ လက်ဗလာနဲ့ လာတဲ့ဆန္ဒပြသူတွေကို လုံခြုံရေးဘက်က ရာဘာကျည်နဲ့ ပစ်ခတ်တာဟာ လွန်လွန်းတယ်၊ ဒီမနက် ပစ်ခတ်မှုမှာ ဒဏ်ရာရသူတွေရှိတယ်၊ အချုပ်ကားပေါ် ဆွဲတင်ခံရတဲ့လူတွေရှိတယ်၊ ဘယ်လောက်ပါသွားလဲဆိုတာ မသိနိုင်အောင်ဘဲ၊ ပြည်သူ့ရဲတပ်ဖွဲ့ပေါ် အယုံအကြည်မရှိဘူး”လို့ မိုင်ဖတ်ချရာ့က သတင်းထောက်တွေကို ပြောပါတယ်။

လုံခြုံရေးရဲတွေကတော့ ဆန္ဒပြသူတွေအနေနဲ့ ခွင့်ပြုထားတဲ့နေရာကနေ မရွေ့ဖို့၊ အေပက်အစည်းအဝေးခန်းအနီး လုံးဝဝင်ရောက်ခွင့်မပြုဖို့ ရဲချုပ်ကြီးကိုယ်တိုင် ညွှန်ကြားထားကြောင်းနဲ့  ဖီဆန်မှုရှိက  ဥပဒေမဲ့ဆန္ဒပြမှုနဲ့ အရေးယူရမယ်လို့ ပြောပါတယ်။

ဒီတခေါက်ဆန္ဒပြပွဲမှာ We Volunteer (We VO) အဖွဲ့ ၊ DRG ခေါ် ဒီမိုကရေစီရှင်သန်ရေးအဖွဲ့ ၊ SPT (Supporter Thailand) အဖွဲ့၊ What happened in Thailand ဆိုတဲ့ခေါင်းစဉ်နဲ့လာတဲ့အဖွဲ့ People Stop APEC 2022 ခေါင်းစည်းနဲ့လာတဲ့အဖွဲ့၊ ထိုင်းအလုပ်သမားသမဂ္ဂ၊ ပြည်သူ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကော်မတီ ၊ Thalu Wang စတဲ့အဖွဲ့အစည်းတွေ ရာနဲ့ချီပါဝင်ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရက အေပက်အဖွဲ့ဝင်တွေနဲ့ သဘောတူ လက်မှတ်ရေးထိုးမယ့် BCG Model ခေါ် အစိမ်းရောင်စီးပွါးရေးစီမံကိန်းကို ကန့်ကွက်တဲ့အပြင် ပရယုဒ်ကျန်အိုးချား နုတ်ထွက်ပေးရေး၊ လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက် ပွဲပြန်ကျင်းပရေး ၊ စစ်ကောင်စီအလိုကျ ရေးသားထားတဲ့အခြေခံဥပဒေဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒအမှန်နဲ့ပြန်လည်ရေးဆွဲပြဋ္ဌာန်းရေး၊ နိုင်ငံရေးအမြင်မတူလို့ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး စတာတွေကို တောင်းဆိုကြပါတယ်။

တချို့ကတော့ တိုင်းပြည်က အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ နိုင်ငံတကာစည်းဝေးပွဲမှာ တဘက်က အခုလိုဆန္ဒပြနေတာဟာ ရှက်ဖွယ်ရာဖြစ်ပြီး အမိနိုင်ငံကို မုန်းတီးအောင်လုပ် နေသူတွေလို့လည်း ဝေဖန်တာရှိနေပါတယ်။

နိုင်ငံရေးသမား တဦးကတော့ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်လေ့ရှိပြီး ဧည့်သည်တော်တွေဟာ သူတို့နိုင်ငံမှာလည်း ခုလိုဆန္ဒပြမှုတွေ ကြုံနေကျမို့ သူတို့အတွက် အထူးအဆန်းမဟုတ်ကြောင်း ၊ ဒါကြောင့် ဆန္ဒပြသူတွေကို ဝေဖန်စရာမလို ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာလို့ သတင်းထောက် တွေကို ပြောပါတယ်။

ကိုးကား- Khaosod

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up