close

Apple ကုမ္ပဏီ

close

April 19, 2023

Apple ကုမ္ပဏီက မွမ်ဘိုင်းမြို့တွင် ပထမဆုံး လက်လီအရောင်းဆိုင် ဖွင့်လှစ်

အိန္ဒိယနိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့မှာ Apple ကုမ္ပဏီရဲ့ ပထမဆုံးလက်လီအရောင်းဆိုင်ကို တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံအတွက် ပထမဆုံးသော Apple ထုတ်ကုန် အရောင်းဆိုင်ဖြစ်သလို ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (စီအီးအို) တင်မ်ကွတ်ခ် ကိုယ်တိုင် ဧပြီ ၁၈ ရက်က ဆိုင်ဖွင့်ပွဲကို တက်ရောက်လာပါတယ်။

မွမ်ဘိုင်းမြို့ရှိ Apple အရောင်းဆိုင်မှာ လူဦးရေ ၃၀၀ လောက် တန်းစီစောင့်ဆိုင်းခဲ့ကြပြီး တင်မ်ကွတ်ခ်နဲ့အတူ ဓာတ်ပုံရိုက်ကြ၊ လက်မှတ်ရေးထိုးကြပါတယ်။

ဒီဖွင့်ပွဲကို ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ကိုယ်တိုင် တက်ရောက်ခဲ့တာကြောင့် အိန္ဒိယဈေးကွက်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေသလို ကုမ္ပဏီအတွက် ကြီးမားတဲ့ ဈေးကွက်တခုလည်း ဖြစ်လာခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုမြို့အခြေစိုက် Apple ကုမ္ပဏီဟာ ကမ္ဘာ့ဒုတိယအကြီးမားဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အွန်လိုင်းကနေ ရောင်းချတဲ့ လက်လီအရောင်းဆိုင်တခုကို ၂၀၂၀ ခုနှစ်က ဖွင့်လှစ်ခဲ့တာပါ။

ဒါပေမဲ့လည်း Apple ရဲ့ ဈေးနှုန်းကြီးမြင့်မှုကြောင့် အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်မှာ ၃ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါတယ်။

Apple ထုတ်ကုန်တွေကို ပြန်ရောင်းဝယ်သူတွေ အပါအဝင် အွန်လိုင်းစီးပွားရေး ပလက်ဖောင်းတွေဖြစ်ကြတဲ့ အမေဇုံနဲ့ ဝေါလ်မတ်တို့ကတဆင့် အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက Apple ရဲ့  ဒုတိယမြောက် အရောင်းဆိုင်ကိုတော့ မြို့တော် ဒေလီမှာ လာမယ့် ဧပြီ ၂၀ ရက်နေ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

8 mins Ago

January 30, 2022

Apple ကုမ္ပဏီ ၃ လအတွင်း စံချိန်တင်အမြတ်ငွေ ဒေါ်လာ ၁၂၄ ဘီလီယံ ရရှိ

တကမ္ဘာလုံးမှာ computer chip ပြတ်လပ်မှုကြုံနေရပေမဲ့၊ Apple မာလ်တီနည်းပညာ ကုမ္ပဏီကြီးဟာ နှစ်သစ်ကူးကာလ အပါအဝင် ပြီးခဲ့တဲ့သုံးလပတ်အတွင်း ရောင်းအား စံချိန်တင် မြင့်မားခဲ့ပြီး အသားတင်အမြတ်ငွေ ဒေါ်လာ ၁၂၄ ဘီလီယံနီးပါး ရရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

တကမ္ဘာလုံး ကိုဗစ်ကပ်ဘေးကြောင့် iPhone ထုတ်လုပ်တဲ့စက်ရုံတွေ ပိတ်ရမယ့်ပြဿနာကို အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ပြီး၊ သယ်ယူပို့ဆောင်ရေး ကြန့်ကြာမှုကိုလည်း တခြားပြိုင်ဘက် ကုမ္ပဏီတွေထက် သာလွန်အောင်  စီမံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ်အတွင်း iPhone တွေဟာ တရုတ်မှာ ရောင်းအားအမြင့်ဆုံး ဖြစ်ခဲ့တာပါ။ Apple ကုမ္ပဏီဟာ ကွန်ပျူတာ၊  မိုလ်ဘိုင်း၊ တီဗီ၊ ဂီတ အပါအဝင် နည်းပညာပစ္စည်းပေါင်းစုံ တကမ္ဘာလုံးကို ရောင်းချနေပြီး၊ ပုံမှန် မှာယူအားပေးသူ subscriber သန်း ၈၀၀ နီးပါး ရှိနေတာပါ။

Apple ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံ တန်ကြေးရှိ  ကမ္ဘာ့ပထမဆုံးကုမ္ပဏီ ဖြစ်လာပြီး ပြီးခဲ့တဲ့ ၁၆ လအတွင်း တန်ဖိုး ဒေါ်လာ ၁  ဘီလီယံ ခုန်တက်ခဲ့တာပါ။

1 year Ago
Up