close

Apple

close

December 15, 2022

ကလေးသူငယ်အလွဲသုံးစားပြုမှု ရပ်တန့်ရန် ပျက်ကွက်ဟု Apple နှင့် မိုက်ခရိုဆော့ဖ် စွပ်စွဲခံရ

Apple Inc နဲ့ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းတို့ဟာ သူတို့ရဲ့ပလက်ဖောင်းတွေပေါ်မှာ ကလေးသူငယ် အမြတ်ထုတ် အလွဲသုံးစားပြုတဲ့ အကြောင်းအရာတွေကို ရပ်တန့်ဖို့ လုံလောက်အောင် မလုပ်ဆောင်ခဲ့ဘူးလို့ အင်တာနက်အသုံးပြုသူတွေကို အကာအကွယ်ပေးဖို့ တည်ထောင်ထားတဲ့ သြစတြေးလျနိုင်ငံ e-Safety ကော်မရှင်နာရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ စွပ်စွဲလိုက်ပါတယ်။

အင်တာနက် သုံးစွဲသူတွေဘေးကင်းရေး ကော်မရှင်နာရုံးဟာ ကမ္ဘာ့အကြီးဆုံး အင်တာနက်ကုမ္ပဏီတချို့ဆီကို သတင်းအချက်အလက်တွေအတွက် တရားဝင် တောင်းဆိုမှုတွေ ပေးပို့ပြီးနောက်မှာ Apple နဲ့ မိုက်ခရိုဆော့ဖ်တို့ဟာ သူတို့ရဲ့ အချက်အလက် သိုလှောင်ရေး ဝန်ဆောင်မှုတွေဖြစ်တဲ့ iCloud နဲ့ OneDrive ထဲမှာ ကလေးသူငယ် အလွဲသုံးစားပြုမှုဆိုင်ရာ အကြောင်းအရာတွေကို ကြိုတင်စစ်ဆေးခြင်း မပြုခဲ့ကြောင်း တုံ့ပြန်မှုတွေက ပြသနေတယ်လို့ e-Safety ကော်မရှင်နာရုံးက အမှုဆောင်အရာရှိချုပ် တိုဘီ ဒဂ်က ပြောပါတယ်။

“အကြီးမားဆုံး ကွာဟချက်ကတော့ ကလေးသူငယ်အလွဲသုံးစားပြုတဲ့ ပစ္စည်းကို ထောက်လှမ်းတဲ့ နယ်ပယ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ ၂၀၀၉ ခုနှစ်တုန်းက ကလေးအလွဲသုံးစားပြုမှုဆိုင်ရာ ပစ္စည်းကို စုံစမ်းရှာဖွေဖို့အတွက် လူသုံးအများဆုံး ကိရိယာတခုဖြစ်တဲ့ photo DNA ကို တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ မိုက်ခရိုဆော့ဖ်က ပိုင်ဆိုင်တဲ့ Skype နဲ့ Microsoft Team တို့က ဗီဒီယိုဝန်ဆောင်မှုတွေနဲ့ Apple က ပိုင်ဆိုင်တဲ့ FaceTime ဝန်ဆောင်မှုတို့ဟာ အွန်လိုင်းမှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုတွေကို တိုက်ရိုက်ထုတ်လွှင့် ကြည့်ရှုနေခြင်းတွေကနေ စုံစမ်းဖော်ထုတ်ဖို့ ဘာနည်းပညာကိုမှ မသုံးထားကြောင်း အတည်ပြုထားပြီးပါပြီ” လို့ တိုဘီ ဒဂ်က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ WhatsApp တို့ကို ပိုင်ဆိုင်တဲ့ မက်ထာ ပလက်ဖောင်း အင်ကော်ပိုရိတ်နဲ့ Snapchat ပိုင်ရှင် Snap Inc တို့ကိုလည်း အချက်အလက်တွေအတွက် တောင်းဆိုမှုတွေကို ပေးပို့ထားပါတယ်။

5 mins Ago

December 1, 2022

Apple ကုမ္ပဏီက တွစ်တာကို Apple App စတိုးမှ ဖယ်ရှားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အီလွန်မတ်စ်ခ် စွပ်စွဲ

တွစ်တာလူမှုကွန်ရက်ကုမ္ပဏီ ပိုင်ရှင်အသစ် အီလွန်မတ်စ်ခ်က အိုင်ဖုန်းထုတ်လုပ်တဲ့ Apple ကုမ္ပဏီဟာ အကြောင်းရင်းမဖော်ပြဘဲ တွစ်တာကို သူတို့ရဲ့ App Store ကနေ ဖယ်ရှားဖို့ ခြိမ်းခြောက်ခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်က တွစ်တာမှာ စွပ်စွဲရေးသားခဲ့ပါတယ်။

အိုင်ဖုန်းထုတ်လုပ်သူ Apple ဟာ တွစ်တာ လူမှုကွန်ရက်ပေါ်က သူ့ရဲ့ကြော်ငြာတွေကိုလည်း ရပ်တန့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Apple ဟာ တွစ်တာကို အကြောင်းအရာ စိစစ်ထိန်းညှိမှု တောင်းဆိုချက်တွေအပေါ်  ဖိအားပေးနေတာလို့ သန်းကြွယ်သူဌေး အီလွန်မတ်စ်ခ်က ဆိုပါတယ်။

“Apple ဟာ တွစ်တာပေါ်က ကြော်ငြာအများစုကို ရပ်ပစ်လိုက်ပါပြီ။ အမေရိကမှာ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ပိုင်ခွင့်အပေါ် သူတို့ မကြိုက်ဘူးလား” ဆိုပြီး တွစ်တာမှာ မတ်စ်ခ်က ရေးသားခဲ့သလို တခြား တွိတခုမှာလည်း Apple ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်ကို Tag တွဲပြီး “ဒီမှာ ဘာတွေဖြစ်နေတာလဲ၊ တင်မ်ကွတ်ခ်” ဆိုပြီး မေးထားပြန်ပါတယ်။

Apple ဘက်က မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း မတုံ့ပြန်ပါဘူး။

၂၀၂၂ ခုနှစ်ရဲ့ နှစ်ဦးပိုင်းတွေမှာ Apple ဟာ ကြော်ငြာတွေအတွက် ဒေါ်လာ ၄၈ သန်းအထိ အသုံးပြုခဲ့တာကြောင့် တွစ်တာရဲ့ ထိပ်တန်းကြော်ငြာထည့်ဝင်သူဖြစ်ခဲ့ပြီး ဒါဟာ တွစ်တာအတွက် အဲ့ဒီကာလ ဝင်ငွေအားလုံးပေါင်းရဲ့  ၄ ရာခိုင်နှုန်းနဲ့အထက် ရှိတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက တွစ်တာရဲ့ ကုမ္ပဏီတွင်း စာရွက်စာတမ်းတွေအရ ကိုးကားဖော်ပြခဲ့ပါတယ်။

2 weeks Ago
Up