ကလေးသူငယ်အလွဲသုံးစားပြုမှု ရပ်တန့်ရန် ပျက်ကွက်ဟု Apple နှင့် မိုက်ခရိုဆော့ဖ် စွပ်စွဲခံရ

Apple Inc နဲ့ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းတို့ဟာ သူတို့ရဲ့ပလက်ဖောင်းတွေပေါ်မှာ ကလေးသူငယ် အမြတ်ထုတ် အလွဲသုံးစားပြုတဲ့ အကြောင်းအရာတွေကို ရပ်တန့်ဖို့ လုံလောက်အောင် မလုပ်ဆောင်ခဲ့ဘူးလို့ အင်တာနက်အသုံးပြုသူတွေကို အကာအကွယ်ပေးဖို့ တည်ထောင်ထားတဲ့ သြစတြေးလျနိုင်ငံ e-Safety ကော်မရှင်နာရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
အင်တာနက် သုံးစွဲသူတွေဘေးကင်းရေး ကော်မရှင်နာရုံးဟာ ကမ္ဘာ့အကြီးဆုံး အင်တာနက်ကုမ္ပဏီတချို့ဆီကို သတင်းအချက်အလက်တွေအတွက် တရားဝင် တောင်းဆိုမှုတွေ ပေးပို့ပြီးနောက်မှာ Apple နဲ့ မိုက်ခရိုဆော့ဖ်တို့ဟာ သူတို့ရဲ့ အချက်အလက် သိုလှောင်ရေး ဝန်ဆောင်မှုတွေဖြစ်တဲ့ iCloud နဲ့ OneDrive ထဲမှာ ကလေးသူငယ် အလွဲသုံးစားပြုမှုဆိုင်ရာ အကြောင်းအရာတွေကို ကြိုတင်စစ်ဆေးခြင်း မပြုခဲ့ကြောင်း တုံ့ပြန်မှုတွေက ပြသနေတယ်လို့ e-Safety ကော်မရှင်နာရုံးက အမှုဆောင်အရာရှိချုပ် တိုဘီ ဒဂ်က ပြောပါတယ်။
“အကြီးမားဆုံး ကွာဟချက်ကတော့ ကလေးသူငယ်အလွဲသုံးစားပြုတဲ့ ပစ္စည်းကို ထောက်လှမ်းတဲ့ နယ်ပယ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ ၂၀၀၉ ခုနှစ်တုန်းက ကလေးအလွဲသုံးစားပြုမှုဆိုင်ရာ ပစ္စည်းကို စုံစမ်းရှာဖွေဖို့အတွက် လူသုံးအများဆုံး ကိရိယာတခုဖြစ်တဲ့ photo DNA ကို တီထွင်ခဲ့ပါတယ်။ ဒါပေမဲ့ မိုက်ခရိုဆော့ဖ်က ပိုင်ဆိုင်တဲ့ Skype နဲ့ Microsoft Team တို့က ဗီဒီယိုဝန်ဆောင်မှုတွေနဲ့ Apple က ပိုင်ဆိုင်တဲ့ FaceTime ဝန်ဆောင်မှုတို့ဟာ အွန်လိုင်းမှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုတွေကို တိုက်ရိုက်ထုတ်လွှင့် ကြည့်ရှုနေခြင်းတွေကနေ စုံစမ်းဖော်ထုတ်ဖို့ ဘာနည်းပညာကိုမှ မသုံးထားကြောင်း အတည်ပြုထားပြီးပါပြီ” လို့ တိုဘီ ဒဂ်က ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ WhatsApp တို့ကို ပိုင်ဆိုင်တဲ့ မက်ထာ ပလက်ဖောင်း အင်ကော်ပိုရိတ်နဲ့ Snapchat ပိုင်ရှင် Snap Inc တို့ကိုလည်း အချက်အလက်တွေအတွက် တောင်းဆိုမှုတွေကို ပေးပို့ထားပါတယ်။