close

CDFမင်းတပ်

close

July 13, 2022

မင်းတပ်တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်က စစ်ကောင်စီတပ်သားတယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အာဏာဖီဆန် CDM ပြုလုပ်ပြီး CDF-မင်းတပ်ကနေတဆင့် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့  ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က ပြောပါတယ်။

ခမရ ၅၁၂ က စစ်ကောင်စီတပ်သားတယောက်ဖြစ်တဲ့ ကိုယ်ပိုင်မှတ် တ/၅၃၁၉၄၆ တပ်သား ဇင်လင်းအောင်ဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ CDF-မင်းတပ်ကနေတဆင့် အလင်းဝင်လာတာလို့ ဆိုပါတယ်။

ကိုယောမာန်က “သူက CDF-မင်းတပ်ဆိုတာထက် အခွင့်အခါသင့်လို့ ပြေးလာတာပဲ။ ရှေ့တန်းထွက်နေတဲ့အချိန် လစ်တဲ့အချိန်ကို သတိပြုပြီး စစ်ကြောင်းထွက်ရင်းနဲ့ စစ်ကြောင်းနဲ့ အနီးစပ်ဆုံး ပြည်သူ့ကာကွယ်ရေးတပ်မှာ အလင်းဝင်တဲ့သဘောဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီ CDM တပ်သားမှာ MA1 သေနတ်တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆန် ၁၂၃ တောင့်၊ ဗုံးသီး ၂ လုံးကို  CDF-မင်းတပ်ဆီမှာ အပ်နှံတဲ့အတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး သူဘယ်ကိုသွားချင်တယ် ဆိုတာကိုတော့ ဆက်လက်ဆွေးနွေးရဦးမှာပါလို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်မှာလည်း တိုက်ပွဲကို စိတ်ကုန်နေတဲ့သူ၊ အလင်းဝင်ချင်တဲ့သူ များလာပြီနဲ့တူတယ်။ နောက်နောင်မှာလည်း လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာမယ့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်။”

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

14 hours Ago

May 5, 2022

မင်းတပ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် မင်းတပ်-မတူပီကားလမ်းမှာ မေ ၄ ရက် ညနေပိုင်းက ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်နဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မင်းတပ်က ပြောပါတယ်။

မင်းတပ်-မတူပီကားလမ်းမှာ ညနေ ၃ နာရီခွဲလောက်ကနေ ၅ နာရီခွဲလောက်အထိ CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ ၂ နာရီလောက်ကြာအောင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ CDF-မင်းတပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်ပါတဲ့ ကား ၇၃ စီးယာဉ်တန်းကို တိုက်ခိုက်ခဲ့တာဗျ။ တိုက်ပွဲကတော့ အနီးကပ် ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ရာသီဥတု အရမ်းဆိုးရွားလာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ကျနော်တို့ဘက်ကို စစ်ကောင်စီယာဉ်တန်း အများအပြားနဲ့ စစ်ကြောင်းထိုးတာ ဒါနဲ့ဆိုရင် ၃ ခါရှိပြီ။ ပထမတကြိမ် စစ်ကြောင်းထိုးကတည်းက မင်းတပ်-မတူပီ ကားလမ်းပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်မွှေလို့ ရွာသူရွာသားတွေအားလုံး ဘေးလွတ်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းတွေကို ထွက်ပြေးတိမ်ရှောင်နေကြရတယ်။ ကျေးရွာအရေအတွက်နဲ့ လူဦးရေစာရင်းကိုတော့ ကျနော်လည်း အတိအကျမသိရသေးဘူး။”

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဧရိယာအတွင်းက ရွာတွေကို ဝင်မွှေပြီး မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ခိုးယူတာတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဧပြီ ၂ ရက် မနက်ပိုင်းကလည်း မတူပီမြို့နယ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို CDF-မင်းတပ်က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ၄၅ မိုင်မှာ ညအိပ်နိုင်တယ်လို့ ခန့်မှန်းထားပြီး နောက်ရက်မှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ CDF-မင်းတပ်က ရဲဘော်တွေအတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်ကျဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 months Ago
Up