မင်းတပ်တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်က စစ်ကောင်စီတပ်သားတယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အာဏာဖီဆန် CDM ပြုလုပ်ပြီး CDF-မင်းတပ်ကနေတဆင့် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က ပြောပါတယ်။
ခမရ ၅၁၂ က စစ်ကောင်စီတပ်သားတယောက်ဖြစ်တဲ့ ကိုယ်ပိုင်မှတ် တ/၅၃၁၉၄၆ တပ်သား ဇင်လင်းအောင်ဟာ စစ်အာဏာရှင်ရဲ့လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ CDF-မင်းတပ်ကနေတဆင့် အလင်းဝင်လာတာလို့ ဆိုပါတယ်။
ကိုယောမာန်က “သူက CDF-မင်းတပ်ဆိုတာထက် အခွင့်အခါသင့်လို့ ပြေးလာတာပဲ။ ရှေ့တန်းထွက်နေတဲ့အချိန် လစ်တဲ့အချိန်ကို သတိပြုပြီး စစ်ကြောင်းထွက်ရင်းနဲ့ စစ်ကြောင်းနဲ့ အနီးစပ်ဆုံး ပြည်သူ့ကာကွယ်ရေးတပ်မှာ အလင်းဝင်တဲ့သဘောဖြစ်တယ်” လို့ ပြောပါတယ်။
အဲဒီ CDM တပ်သားမှာ MA1 သေနတ်တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆန် ၁၂၃ တောင့်၊ ဗုံးသီး ၂ လုံးကို CDF-မင်းတပ်ဆီမှာ အပ်နှံတဲ့အတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး သူဘယ်ကိုသွားချင်တယ် ဆိုတာကိုတော့ ဆက်လက်ဆွေးနွေးရဦးမှာပါလို့ ဆိုပါတယ်။
“စစ်ကောင်စီဘက်မှာလည်း တိုက်ပွဲကို စိတ်ကုန်နေတဲ့သူ၊ အလင်းဝင်ချင်တဲ့သူ များလာပြီနဲ့တူတယ်။ နောက်နောင်မှာလည်း လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာမယ့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်။”
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။