ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ခမရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဖေဖော်ဝါရီ ၂၀ ရက်မှာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDF-ဟားခါးကနေတဆင့် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ CDF-ဟားခါးက ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ထန်တလန်မြို့နယ်အခြေစိုက် ခမရ ၂၆၉ စစ်ကောင်စီတပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ CDF-ဟားခါးကနေတဆင့် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ CDF-ဟားခါး တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေမှာ MA3 သေနတ် ၁ လက်၊ MA1 သေနတ် ၁ လက်၊ ကျည်ဆန် ၆၇၄ တောင့်၊ ကျည်ဘောက် ၉ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံးနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တာလို့ ဆိုပါတယ်။
လက်နက်ခဲယမ်းအပြည့်အစုံနဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကိုတော့ CDF-ဟားခါးက ဂုဏ်ပြုဆုငွေ တယောက် သိန်း ၃၀ ကျပ်စီ ချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။
နောက်နောင်မှာလည်း စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာမယ့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက CNF၊ CNDF ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ CNDF တပ်ဖွဲ့ကနေ သိရပါတယ်။
ဖလမ်းမြို့ကနေ ကလေးမြို့ဘက်ကို ဆင်းလားတဲ့ အကြမ်းဖက်စစ်ကောင်စီကား ၁၂ စီးကို မနေ့ မနက် ၁၁ နာရီလောက်မှာ CNF နဲ့ CNDF ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက မိုင်း ၅ လုံးဆွဲ ပြီးတိုက်ခိုက်ရာမှာ စစ်ကား ၈ စီးကို ထိမှန်ခဲ့တယ်လို့ CDDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပြီးတော့ ၁၅ ယောက်ထက် မနည်း အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဘက်က အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး ထန်တလန်ပြည်သူတွေနဲ့ ထပ်တူဝမ်းနည်းရကြောင်း ချင်းတစ်မျိုးသားလုံးရဲ့ သွေးစည်းမှုနဲ့အတူ အမြစ်ပြတ်ခြေမှုန်းသွားကြမယ်လို့ ဆိုပါတယ်။
CDF-ဟားခါးကလည်း ချင်းပြည်နယ် ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်တွေ မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ဆောင်ဖို့ အောက်တိုဘာလ ၃၀ ရက်နေ့က စိန်ခေါ်လိုက်ပါတယ်။
CDF-ဟားခါး အနေနဲ့ အာဏာရူးမင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အဖွဲ့ကို ပြင်းထန်တဲ့ စစ်ဆင်ရေး ပိုမိုလုပ်ဆောင်မှာဖြစ်သလို သတ္တိရှိပါက ပြည်သူနဲ့ ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှုမရှိဘဲ မြို့ပြင်ထွက် စစ်ဆင်ရေးလုပ်ဆောင်ဖို့ စိန်ခေါ်လိုက်လို့ ဆိုပါတယ်။
ထန်တလန်မြို့ကို မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့က လက်နက်ကြီး၊ မီးကျည်တွေ အဆမတန်သုံးပြီး ပစ်ခတ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံ၊ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ် ၁၆၄ လုံး မီးလောင်ကျွမ်းခဲ့တာကြောင့် ထန်တလန်ဒေသခံတွေနဲ့ အတူဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အနှံ့ကို နိုင်ငံတကာ စစ်ဥပဒေ ရာဇဝတ်မှု ကျူးလွန်တာကြောင့် အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့ လုပ်ရပ်တွေအပေါ် တာဝန်ယူဖြေရှင်းရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ သူတို့ကို ကျောထောက်နောက်ခံပြုလုပ်ပြီး ဆက်နွှယ်နေတဲ့ ထန်တလန်နဲ့ ဟားခါးမှာရှိတဲ့ ရာထူးခံပုဂ္ဂိုလ်တွေ၊ Non-CDMနဲ့ ဒလန်တွေကို CDF-ဟားခါးက စစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်အရေးယူတော့မယ်လို့ သတိပေးလိုက်ပါတယ်။