close

ဖလမ်းတိုက်ပွဲ စစ်တပ်က ၃ ဦးသေဆုံး၊ မြို့ပြင်ထွက် စစ်ဆင်ရေးလုပ်ရန် CDF-ဟားခါး စိန်ခေါ်

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက CNF၊ CNDF ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ CNDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဖလမ်းမြို့ကနေ ကလေးမြို့ဘက်ကို ဆင်းလားတဲ့ အကြမ်းဖက်စစ်ကောင်စီကား ၁၂ စီးကို မနေ့ မနက် ၁၁ နာရီလောက်မှာ CNF နဲ့ CNDF ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက မိုင်း ၅ လုံးဆွဲ ပြီးတိုက်ခိုက်ရာမှာ စစ်ကား ၈ စီးကို ထိမှန်ခဲ့တယ်လို့ CDDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပြီးတော့ ၁၅ ယောက်ထက် မနည်း အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဘက်က အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး ထန်တလန်ပြည်သူတွေနဲ့ ထပ်တူဝမ်းနည်းရကြောင်း ချင်းတစ်မျိုးသားလုံးရဲ့ သွေးစည်းမှုနဲ့အတူ အမြစ်ပြတ်ခြေမှုန်းသွားကြမယ်လို့ ဆိုပါတယ်။

CDF-ဟားခါးကလည်း ချင်းပြည်နယ် ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်တွေ မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ဆောင်ဖို့ အောက်တိုဘာလ ၃၀ ရက်နေ့က စိန်ခေါ်လိုက်ပါတယ်။

CDF-ဟားခါး အနေနဲ့ အာဏာရူးမင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အဖွဲ့ကို ပြင်းထန်တဲ့ စစ်ဆင်ရေး ပိုမိုလုပ်ဆောင်မှာဖြစ်သလို သတ္တိရှိပါက ပြည်သူနဲ့ ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှုမရှိဘဲ မြို့ပြင်ထွက် စစ်ဆင်ရေးလုပ်ဆောင်ဖို့ စိန်ခေါ်လိုက်လို့ ဆိုပါတယ်။

ထန်တလန်မြို့ကို မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့က လက်နက်ကြီး၊ မီးကျည်တွေ အဆမတန်သုံးပြီး ပစ်ခတ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံ၊ စျေးဆိုင်ခန်းတွေနဲ့ လူနေအိမ် ၁၆၄ လုံး မီးလောင်ကျွမ်းခဲ့တာကြောင့် ထန်တလန်ဒေသခံတွေနဲ့ အတူဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အနှံ့ကို နိုင်ငံတကာ စစ်ဥပဒေ ရာဇဝတ်မှု ကျူးလွန်တာကြောင့် အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ပြည်သူတွေ နစ်နာဆုံးရှုံးခဲ့ရတဲ့ လုပ်ရပ်တွေအပေါ် တာဝန်ယူဖြေရှင်းရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ သူတို့ကို ကျောထောက်နောက်ခံပြုလုပ်ပြီး ဆက်နွှယ်နေတဲ့ ထန်တလန်နဲ့ ဟားခါးမှာရှိတဲ့ ရာထူးခံပုဂ္ဂိုလ်တွေ၊ Non-CDMနဲ့ ဒလန်တွေကို CDF-ဟားခါးက စစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်အရေးယူတော့မယ်လို့ သတိပေးလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up