CIES လို့ ခေါ်တဲ့ အားကစားဆိုင်ရာ လေ့လာမှုအဖွဲ့ကထုတ်ပြန်တဲ့ ဥရောပအကောင်းဆုံး လူငယ် ကစားသမားအဖြစ် အာဆင်နယ်ကြယ်ပွင့် ဆာကာ သတ်မှတ်ခံရပါတယ်။
အခုနှစ်ရာသီအတွင်း ဥရောပလိဂ် ၃၂ လိဂ်မှာ ခြေစွမ်းပြသနေတဲ့ အသက် ၂၁ နှစ်အောက် ကစားသမားတွေကို လေ့လာမှုတွေပြုလုပ်ခဲ့ပြီးနောက် အကောင်းဆုံးကစားသမား ၁၀၀ ကို CIES က ထုတ်ပြန်ခဲ့တာပါ။
ကစားသမားတဦးချင်းစီကို လေ့လာအကဲဖြတ်ရာမှာ ခံစစ်စွမ်းဆောင်ရည်၊ ဘောလုံးလက်ခံရ ယူနိုင်မူ နဲ့ ဖြန့်ဝေမှု၊ အခွင့်အရေးဖန်တီးနိုင်မှု၊ အမြင့်ဘောတွေနဲ့ ကန်ချက်တွေကို လေ့လာခဲ့တာပါ။
အဲဒီလို လေ့လာအကဲဖြတ်ပြီးတဲ့နောက်မှာ အာဆင်နယ်တောင်ပံတိုက်စစ်မှူး ဘူကာယို ဆာကာက စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ခဲ့ပြီး နံပါတ်တစ်နေရာမှာ သတ်မှတ်ခံခဲ့ရတာပါ။
ဆာကာဟာ အာဆင်နယ်အတွက် စုစုပေါင်း ၁၀ ဂိုးသွင်းပြီး ၅ ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ ဆာကာရဲ့ နောက်မှာ မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်က ရပ်တည်နေပြီး နံပါတ်၃ နေရာမှာ ဂျာမန်ကလပ် ဘီလက်ဖီးလ် တောင်ပံတိုက်စစ်မှူး ပတ်ထရစ်ဝမ်မာက ရပ်တည်ပါတယ်။
ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာ ခရစ္စတယ်ပဲလေ့က မိုက်ကယ်အိုလစ်ဆီလည်း ပါဝင်ပေမယ့် ပရီးမီးယားလိဂ်က ၃ ဦးသာ ပါဝင်ခဲ့တာပါ။
ဆောက်သမ်တန်တိုက်စစ်မှူး ဘရိုဂျာက အဆင့် ၁၃၊ အာဆင်နယ်က မာတင်နယ်လီက အဆင့် ၁၄၊ ဒေါ့မွန်က ဘယ်လင်ဂမ်က အဆင့် ၂၄ နေရာတွေမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။
ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းစာရင်းကို ဘောလုံးအချက်အလက် ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ CIES က ထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးက နံပါတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ အင်္ဂလန်ကွင်းလယ်လူ ဂျက်ဂရေးလစ်ရှ်ကို ပေါင်သန်း ၁ဝဝ နဲ့ ခေါ်ယူခဲ့ပြီး အသင်းရဲ့ စုစုပေါင်းတန်ကြေးက ပေါင် ၉၂၆ သန်းရှိခဲ့တာပါ။
နံပါတ် ၂ နေရာမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက ပေါင် ၈၇၇ သန်းနဲ့ ရပ်တည်နေပါတယ်။ ယူနိုက်တက်အနေနဲ့ ဆန်ချို၊ဗာရန်းနဲ့ ရော်နယ်ဒိုတို့ကိုခေါ်ယူခဲ့လို့သာ မန်စီးတီးနဲ့ နီးကပ်တဲ့အခြေအနေကိုရောက်ရှိခဲ့တာပါ။
ယူနိုက်တက်ရဲ့နောက်မှာ ပီအက်စ်ဂျီက ပေါင်သန်း ၈၂ဝ နဲ့ တတိယ၊ ရီးရဲလ်မက်ဒရစ်က ပေါင် ၆၇၅ သန်းနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်ပါတယ်။
အဲဒီနောက် ချဲလ်ဆီးက ပေါင်၆၆၉သန်းနဲ့ အဆင့် ၅၊ လီဗာပူးက ပေါင် ၅၇၆သန်း နဲ့ အဆင့် ၆၊ ဂျူဗင်တပ်ကပေါင် ၅၆၃ သန်းနဲ့ အဆင့် ၇ နေရာတွေမှာ ရပ်တည်ပါတယ်။
တန်ဖိုးအရှိဆုံး ထိပ်တန်း၁ဝသင်းမှာ ပရီးမီးယားလိဂ်ကလပ် ၆ သင်းအထိ ပါဝင်ခဲ့ပြီး အာဆင်နယ်၊ စပါးနဲ့ အဲဗာတန် အသင်းတွေက ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းရဲ့အထက်မှာ ရပ်တည်ခဲ့တာပါ။
အဆင့် ၁ နေရာက မန်စီးတီးအသင်းရဲ့ တန်ကြေးစုစုပေါင်းက နောဝှစ်ချ်အသင်းရဲ့ ၁၂ ဆအထိ ရှိနေ တာလည်းဖြစ်ပါတယ်။