close

Cobra Gold

close

March 6, 2023

Cobra Gold စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် အမေရိကန်စစ်သားများကို မွေထိုင်းလက်ဝှေ့ သင်ပေး

ထိုင်းနိုင်ငံ၊ လော့ဘူရီခရိုင်ထဲမှာပြုလုပ်နေတဲ့  Cobra Gold နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ အမေရိကန်စစ်သားတွေကို ဘွာခေါင်လို့ လူသိများတဲ့ ထိုင်းလက်ဝှေ့သမား ဆုံဘတ်ဘန်ချာမတ်ခ်ဟာ မတ် ၅ ရက်က မွေထိုင်းလက်ဝှေ့ သင်ပေးခဲ့ပါတယ်။

ထိုင်းရိုးရာ မွေထိုင်းသင်ခန်းစာသင်ပေးတာဟာ  နိုင်ငံ ၃၀ က စစ်သည်တွေပါဝင် လေ့ကျင့်နေတဲ့ ၄၂ ကြိမ်မြောက် Cobra Gold နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။

ထိုင်းလက်ဝှေ့သမား ဘွာခေါင်က “ကျနော်ဘက်ကတော့ (ထိုင်းရိုးရာလက်ဝှေ့) မွေထိုင်း သံတမန်တစ်ဦးပါ။ အများကြီးအထောက် အကူဖြစ်မယ်ထင်တယ်။ Cobra Gold မှာ လေ့ကျင့်လာခဲ့တဲ့ အမေရိကန်စစ်သားတိုင်းက ကျနော်တို့ရဲ့ အမျိုးသားအနုပညာဖြစ်တဲ့ မွေထိုင်းနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုတွေကို ဖလှယ် လေ့လာချင်ကြတယ်” လို့ ပြောပါတယ်။

ပွဲအပြီးမှာ ဘွာခေါင်က အမေရိကန်နဲ့  ထိုင်းစစ်သားတွေရဲ့ အင်အားကို စမ်းသပ်ခဲ့ ပါတယ်။

အမေရိကန်စစ်သား အဒမ်ကတ်စ်တယ်လ်က “ဒါတွေဟာ ကျနော်တို့ အလုပ်အတွက် အလွန်သက်ဆိုင်တဲ့ အရည်အချင်းတွေပဲ” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အနာဂတ်မှာ ပြန်ယူသုံးနိုင်တဲ့ စွမ်းရည်တချို့ကို သင်ယူရတာ တကယ်ကို ကောင်းပါတယ်လို့လည်း သူက ပြောပါတယ်။

အခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် စုစုပေါင်း ၇၃၉၄  ဦး ပါဝင်လေ့ကျင့်ခဲ့တာပါ။

ဒေသတွင်းမှာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ Cobra Gold  ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၈ မှာ စတင်ခဲ့ပြီး မတ် ၁၀ ရက်အထိ လေ့ကျင့်မှာ ဖြစ်ပါတယ်။

21 seconds Ago

January 25, 2022

ထိုင်းတွင် အမေရိကန်စစ်သည် ၁၀,၀၀၀ စံချိန်တင်ပါဝင်မည့် ပူးတွဲစစ်လေ့ကျင့်မှု ပြုလုပ်မည်

ထိုင်းနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီနဲ့ မတ်လ အမေရိကန်စစ်သား ၁၀,၀၀၀ လောက်ပါဝင်မယ့် Cobra Gold ရွှေမြွေဟောက်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းအခြေစိုက် သနေးရှင်း ရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်စစ်တပ်ဟာ အရင်နှစ်တွေကလည်း အဆိုပါ ရွှေမြွေဟောက်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာလုပ်နေကြဖြစ်ပေမဲ့ စစ်အင်အား ရာဂဏန်း ထောင်ဂဏန်းလောက်သာရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ စစ်သားဦးရေ ၁၀၀၀၀ အပြင် ဝန်းရံအားပေးသူတွေက အနည်းဆုံး ၅၀၀၀ လောက်ပါ လာမှာမို့ ထူးခြားမှုဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဒဒါ့အပြင် အရှေ့တောင်အာရှဒေသနိုင်ငံက စစ်သည်တွေလည်း ပါဝင်လေ့ကျင့်ကြမှာမို့ စုစုပေါင်း လူ ၃၀,၀၀၀ လောက် ပါဝင်မယ့် စစ်ရေးလေ့ကျင့်မှုကြီးဖြစ်လာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတွေ၊ အမေရိကန်စစ်တပ် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တာဝန်ရှိသူတွေရော၊ စီအိုင်အေအဖွဲ့က ထင်ရှားတဲ့ အရာရှိတွေပါ ထိုင်းနိုင်ငံကို ကုန်သွယ်ရေးကိစ္စ၊ ထိုင်းအိမ်နီးချင်းနိုင်ငံက စစ်ဘေး ရှောင်ကူညီရေးကိစ္စ၊ အာရှပစိဖိတ်တိုးတက်ရေး၊ လူ့အခွင့်အရေးကိစ္စ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ လာရောက်ခဲ့ပေမဲ့ နောက်ကွယ်ကနက်ရှိုင်းတဲ့ ရည်ရွယ်ချက်ကိုတော့ ထိုင်းစစ်တပ်နဲ့ အမျိုးသားလုံခြုံရေး ကောင်စီကသာ အသိဆုံးဖြစ်လိမ့်မယ်လို့  ထိုင်းသတင်းက ဆိုပါတယ်။ 

လက်ရှိအိမ်နီးချင်းမြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုက်ပွဲတွေဖြစ်နေပြီး မြန်မာ စစ်တပ်က ပွင့်လင်းတဲ့ရာသီမှာ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်လေ့ရှိတာကြောင့် အဲဒီကာ လနဲ့လည်း တိုက်ဆိုင်နေကြောင်း၊ နယ်စပ်မှာလည်း စစ်ဘေးရှောင်တွေ အမြောက်အမြား ရောက်နေတာမို့  အဲဒီကာလမှာ  ချင်းမိုင်နဲ့တကွ ထိုင်းမြောက်ပိုင်းဒေသ  လာရောက်လည်ပတ်လေ့ လာမယ့် နိုင်ငံခြားခရီးသွားအခြေအနေတွေလည်း စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ 

အမေရိကန်က ခုလိုစစ်သည်အင်အားအမြောက်အမြားနဲ့ တရုတ်ဩဇာလွှမ်းမိုးတဲ့ မြန်မာ၊ လာအို စတဲ့နိုင်ငံတွေအနီးမှာ လာပြီးစစ်ရေးလေ့ကျင့်တာဟာလည်း ထူးခြားမှုလို့ ဆိုရမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံ ၂ ခုကြားမှာ ဘယ်လိုပါးနပ်စွာ နေမလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်လို့ သနေရှင်းသတင်းမှာ သုံးသပ်ထားပါတယ်။ 

ထိုင်းလူမှုကွန်ရက်တွေမှာတော့  တရုတ်ဩဇာလွှမ်းမိုးတဲ့ UWSA ‘ဝ’ တပ်ဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နဲ့မျက်နှာချင်းဆိုင် မိုင်းဆတ်ခရိုင်ထဲမှာ  ရာနဲ့ချီတဲ့စစ်သည်တွေ လက်နက်ခဲယမ်းတွေထုတ်ပြီး စစ်ရေးပြတာဟာ  ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုနဲ့  ပတ်သက်နိုင်တယ်လို့ ပြောဆိုနေကြကြောင်း ထိုင်းပီဘီအက်စ်သတင်းက ဖော်ပြပါတယ်။ 

ဒါပေမဲ့ လက်ရှိထိုင်းနိုင်ငံမှာ အိုမီခရွန်ကိုဗစ်-၁၉ ဗီဇမျိုး ကွဲရောဂါပိုးကူးစက်မှုလည်း ဖြစ်လာတာကြောင့် သောင်းနဲ့ချီပြီးဝင်လာမယ့် နိုင်ငံရပ်ခြားကစစ်သည်တွေကို  ဘယ်လို စစ်ဆေးကာကွယ်နိုင်မလဲ၊ လေ့ကျင့်မှုပုံစံတွေပြောင်းသွားမလားဆိုတာ စောင့်ကြည့်ရမယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား- THAI PBS/ The Nation

1 year Ago
Up