Cobra Gold စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် အမေရိကန်စစ်သားများကို မွေထိုင်းလက်ဝှေ့ သင်ပေး

ထိုင်းနိုင်ငံ၊ လော့ဘူရီခရိုင်ထဲမှာပြုလုပ်နေတဲ့ Cobra Gold နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ အမေရိကန်စစ်သားတွေကို ဘွာခေါင်လို့ လူသိများတဲ့ ထိုင်းလက်ဝှေ့သမား ဆုံဘတ်ဘန်ချာမတ်ခ်ဟာ မတ် ၅ ရက်က မွေထိုင်းလက်ဝှေ့ သင်ပေးခဲ့ပါတယ်။
ထိုင်းရိုးရာ မွေထိုင်းသင်ခန်းစာသင်ပေးတာဟာ နိုင်ငံ ၃၀ က စစ်သည်တွေပါဝင် လေ့ကျင့်နေတဲ့ ၄၂ ကြိမ်မြောက် Cobra Gold နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။
ထိုင်းလက်ဝှေ့သမား ဘွာခေါင်က “ကျနော်ဘက်ကတော့ (ထိုင်းရိုးရာလက်ဝှေ့) မွေထိုင်း သံတမန်တစ်ဦးပါ။ အများကြီးအထောက် အကူဖြစ်မယ်ထင်တယ်။ Cobra Gold မှာ လေ့ကျင့်လာခဲ့တဲ့ အမေရိကန်စစ်သားတိုင်းက ကျနော်တို့ရဲ့ အမျိုးသားအနုပညာဖြစ်တဲ့ မွေထိုင်းနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှုတွေကို ဖလှယ် လေ့လာချင်ကြတယ်” လို့ ပြောပါတယ်။
ပွဲအပြီးမှာ ဘွာခေါင်က အမေရိကန်နဲ့ ထိုင်းစစ်သားတွေရဲ့ အင်အားကို စမ်းသပ်ခဲ့ ပါတယ်။
အမေရိကန်စစ်သား အဒမ်ကတ်စ်တယ်လ်က “ဒါတွေဟာ ကျနော်တို့ အလုပ်အတွက် အလွန်သက်ဆိုင်တဲ့ အရည်အချင်းတွေပဲ” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အနာဂတ်မှာ ပြန်ယူသုံးနိုင်တဲ့ စွမ်းရည်တချို့ကို သင်ယူရတာ တကယ်ကို ကောင်းပါတယ်လို့လည်း သူက ပြောပါတယ်။
အခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် စုစုပေါင်း ၇၃၉၄ ဦး ပါဝင်လေ့ကျင့်ခဲ့တာပါ။
ဒေသတွင်းမှာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ Cobra Gold ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၈ မှာ စတင်ခဲ့ပြီး မတ် ၁၀ ရက်အထိ လေ့ကျင့်မှာ ဖြစ်ပါတယ်။