Crime Against Humanity၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဇွန်လ ၂၅ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Crime Against Humanity၊ စစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့သက်သေတွေရှိနေပြီဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွက်ကတော့ ပိုပြီးခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။
ICC ကို အမှုသက်သေတွေတင်သွင်းတဲ့အခါ အာဏာသိမ်းပြီး စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုသာမက အရင်တုန်းက စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ နိုင်ငံတကာတရားရုံးကို ပူးတွဲတင်ပြနိုင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးသိန်းဦးက ပြောပါတယ်။
"စစ်တပ်က အရင်က ကျူးလွန်တဲ့ပြစ်မှုတွေကိုပါ ပူးတွဲတင်သွားဖို့ရှိပါတယ်။ စစ်တပ်က ကျူးလွန်ပြီး အရေးမယူနိုင်ခဲ့တဲ့ အမှုတွေကိုပါ ပူးတွဲတင်သွားမှာ ဖြစ်ပါတယ်။"
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ် လေးသိန်းကျော်ကို မှတ်တမ်းရရှိထားပြီး အဲဒီအထဲက ဖြစ်စဉ် တစ်သိန်းခွဲကျော်ကို နိုင်ငံတကာစံချိန်နဲ့အညီ မှတ်တမ်းပြုစုထားတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောပါတယ်။
ကမ္ဘာ့အဆင့်ရှေ့နေအဖွဲ့အစည်းကိုလည်း ဌားရမ်းထားတယ်လို့ ဆိုပါတယ်။
"ဖြစ်စဉ်ပေါင်း လေးသိန်းကျော်ရပြီ။ ICC မှာသွားဖို့က အပြည်ပြည်ဆိုင်ရာ အသွားအလာနဲ့ကိုက်ညီတဲ့ပုံစံရှိတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးကော်မတီနဲ့လည်း လက်တွဲနေတယ်။ ကမ္ဘာ့ရှေ့နေအဖွဲ့အစည်းကြီးကိုလည်း ငှားထားတယ်။ ၂ သောင်း ၈ ထောင်ကျော် အခိုင်မာဆုံးဖြစ်စဉ်တွေကိုရွေးတယ်။ အဲ့ဒီထဲကမှ ၄၀၀ ကိုပြန်ရွေးမယ်။ အဲ့ဒီထဲကမှ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ၂၀၀ ရွေးမယ်။ သက်သေအထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာတည်ဆောက်နေတာဖြစ်တယ်။ ကမ္ဘာ့လုံခြုံရေးကောင်စီကနေသွားတဲ့ လမ်းရှိသလို သွားတဲ့လမ်း သုံးလေးခုရှိတယ်" လို့ ဒေါက်တာဆာဆာကပြောပါတယ်။
စစ်ကောင်စီက ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အရေးယူနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ ဥပဒေအပေါ်မှာ ဘယ်သူမှမရှိဖို့ ဆောင်ရွက်နေတာဖြစ်ပြီး ထိုက်တန်တဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်အောင် ဆောင်ရွက်မယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လတ်တလော ဆန္ဒပြသူတွေကို အကြမ်းဖက် သတ်ဖြတ်နေတာဟာ Crimes Against Humanity ခေါ် လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ရေးအဖွဲ့ အကြီးအကဲ နီကိုလစ်ကွန်ဂျွန်က ပြောကြားလိုက်ပါတယ်။
“ကျနော်တို့စုံစမ်းစစ်ဆေးမှုတွေက အစကနဦးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ စစ်ဆေးခဲ့ဖူးတဲ့ ကျနော်ရဲ့ အတွေ့အကြုံအရ အခု မြန်မာနိုင်ငံအတွင်း ဖြစ်နေတာဟာ လူတွေအများအပြားကို စနစ်တကျ သတ်ဖြတ်နေတဲ့ ရာဇဝတ်မှု မြောက်တာ ထင်ရှားပါတယ်။ စစ်တပ်ရဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်မှုတွေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်ရဲ့ မူဝါဒတခု အဖြစ်လုပ်နေတာ ထင်ရှားပါတယ်။ ဒါဟာ နိုင်ငံတကာ ရာဇတ်မှုကြောင်း ဥပဒေအရ ကြည့်မယ်ဆိုရင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Aganist Humanity) မြောက်ပါတယ်” လို့ မစ္စတာ နီကိုလစ် ကွန်ဂျွန်က ပြောဆိုသွားပါတယ်။
ကမ္ဘာမှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုအတွက် ပထမဆုံး ခုံရုံးတင်အပြစ်ပေးခဲ့တာကတော့ ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမန် စစ်ဗိုလ်ချုပ်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့် အရေးကောင်မရှင်က ၂၀၁၈ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတကာ တရားခုံရုံးတခုခုမှာ အပြစ်ရှိသူတွေကို စီရင်ချက်ချနိုင်ဖို့ အမှုတွဲပြင်ဆင်ထားဖို့ ဖြစ်ပါတယ်။
ဒီအဖွဲ့ရဲအကြီးအကဲအဖြစ် နီကိုလစ်ကွန်ဂျွန်ကို ခန့်အပ်ခန့်ပြီး သူ့ဟာ ကမ္ဘာစစ်ရာဇတ်ကောင်တွေကို နိုင်ငံတကာရာဇတ်ဝတ်ခုံရုံး (အိုင်စီစီ) အပါအဝင် နိုင်ငံတကာတရား ခုံရုံးတွေမှာ စုံစမ်းဖော်ထုတ်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ သူနဲ့ ဒီဗွီဘီ မေးမြန်းခန်း အပြည့်အစုံကို မနက်ဖြန် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။