close

စစ်ကောင်စီကို ICC တွင် တရားစွဲမည်ဟု NUG တရားရေးဝန်ကြီးပြော

Crime Against Humanity၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဇွန်လ ၂၅ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Crime Against Humanity၊ စစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့သက်သေတွေရှိနေပြီဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွက်ကတော့ ပိုပြီးခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။

ICC ကို အမှုသက်သေတွေတင်သွင်းတဲ့အခါ အာဏာသိမ်းပြီး စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုသာမက အရင်တုန်းက စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ နိုင်ငံတကာတရားရုံးကို ပူးတွဲတင်ပြနိုင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးသိန်းဦးက ပြောပါတယ်။

"စစ်တပ်က အရင်က ကျူးလွန်တဲ့ပြစ်မှုတွေကိုပါ ပူးတွဲတင်သွားဖို့ရှိပါတယ်။ စစ်တပ်က ကျူးလွန်ပြီး အရေးမယူနိုင်ခဲ့တဲ့ အမှုတွေကိုပါ ပူးတွဲတင်သွားမှာ ဖြစ်ပါတယ်။"

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ် လေးသိန်းကျော်ကို မှတ်တမ်းရရှိထားပြီး အဲဒီအထဲက ဖြစ်စဉ် တစ်သိန်းခွဲကျော်ကို နိုင်ငံတကာစံချိန်နဲ့အညီ မှတ်တမ်းပြုစုထားတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ပြောပါတယ်။ 

ကမ္ဘာ့အဆင့်ရှေ့နေအဖွဲ့အစည်းကိုလည်း ဌားရမ်းထားတယ်လို့ ဆိုပါတယ်။

"ဖြစ်စဉ်ပေါင်း လေးသိန်းကျော်ရပြီ။ ICC မှာသွားဖို့က အပြည်ပြည်ဆိုင်ရာ အသွားအလာနဲ့ကိုက်ညီတဲ့ပုံစံရှိတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးကော်မတီနဲ့လည်း လက်တွဲနေတယ်။ ကမ္ဘာ့ရှေ့နေအဖွဲ့အစည်းကြီးကိုလည်း ငှားထားတယ်။ ၂ သောင်း ၈ ထောင်ကျော် အခိုင်မာဆုံးဖြစ်စဉ်တွေကိုရွေးတယ်။ အဲ့ဒီထဲကမှ ၄၀၀ ကိုပြန်ရွေးမယ်။ အဲ့ဒီထဲကမှ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ၂၀၀ ရွေးမယ်။ သက်သေအထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာတည်ဆောက်နေတာဖြစ်တယ်။ ကမ္ဘာ့လုံခြုံရေးကောင်စီကနေသွားတဲ့ လမ်းရှိသလို သွားတဲ့လမ်း သုံးလေးခုရှိတယ်" လို့ ဒေါက်တာဆာဆာကပြောပါတယ်။

စစ်ကောင်စီက ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အရေးယူနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့ ဥပဒေအပေါ်မှာ ဘယ်သူမှမရှိဖို့ ဆောင်ရွက်နေတာဖြစ်ပြီး ထိုက်တန်တဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်အောင် ဆောင်ရွက်မယ်လို့ NUG တာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up