ဆေးအာနိသင်ထိန်း ကာကွယ်ဆေးထိုးဆေးကို အချိန်တိုအတွင်း ထပ်ခါတလဲ ထိုးနှံတာဟာ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ရေရှည်တုံ့ပြန်ချက်မဟုတ်ဘူးလို့ ဥရောပသမဂ္ဂ ဆေးဝါးကြီးကြပ်ရေး တရားဝင်အဖွဲ့ကြီး EMA က ဇန်နဝါရီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
ထိလွယ်ရှလွယ် အရှိဆုံးလူတွေအတွက် ဒုတိယမြောက် ဆေးအာနိသင်ထိန်း ထိုးဆေးဟာ မရှိမဖြစ် လုပ်ဆောင်ချက် ဖြစ်နိုင်ပေမဲ့ မကြာခဏ ထပ်ခါတလဲ ထိုးနေတာကတော့ ရေရှည်အတွက် အလားအလာကောင်း မဟုတ်ဘူးလို့ EMA ရဲ့ ကာကွယ်ဆေးဗျူဟာဆိုင်ရာဌာန အကြီးအကဲ မာကိုကာဗာလေရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ထပ်ခါတလဲ ဆေးထိုးနေရင် ကျနော်တို့ဟာ ကိုယ်ခံအားတုံ့ပြန်မှုမှာ ပြဿနာရမယ့် အလားအလာနဲ့ အဆုံးသတ်သွားလိမ့်မယ်။ ကိုယ်ခံအားတုံ့ပြန်ချက်ဟာလည်း ကျနော်တို့ ဖြစ်ချင်သလို အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။”
အစ္စရေးဟာ အိုမီခရွန်ဗီဇမျိုးကွဲ ကူးစက်မှုတိုးနေချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတွေနဲ့ ကိုယ်ခံအားပြဿနာရှိတဲ့ လူနာတွေ၊ အသက် ၆၀ နဲ့အထက် လူကြီးတွေအတွက် ဖိုက်ဇာ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီထုတ် ထိုးဆေးကို လေးကြိမ်မြောက် ထိုးပေးဖို့ စီစဉ်ကြီးကြပ် နေပါပြီ။
ဥရောပသမဂ္ဂရဲ့ ဆေးဝါးစည်းမျဉ်း ကြီးကြပ်ရေးဌာန (EMA) က Pfizer ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေအတွက် အသုံးပြုနိုင်ဖို့ စအကဲဖြတ်နေပြီလို့ အောက်တိုဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
Pfizer နဲ့ ဂျာမန်ဆေးဝါးလုပ်ငန်း ဘိုင်အိုအန်တက်ခ်တို့ဟာ သူတို့ရဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးကို ကလေးငယ်တွေအတွက် သုံးဖို့ အထောက်အကူဖြစ်မယ့် သတင်း အချက်အလက်တွေကို အရင်အပတ်က တင်သွင်းခဲ့ပါတယ်။
ပါဝင်စမ်းသပ်ခံသူ ၂,၂၆၈ ယောက်ကို လက်တွေ့စမ်းသပ်ချက်အရ ကာကွယ်ဆေးဟာ ငါးနှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေဆီမှာ အားကောင်းတဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို ဖြစ်ပေါ်စေတာ တွေ့ရတယ်လို့ ကုမ္ပဏီက အရင်လက ပြောပါတယ်။
စမ်းသပ်နေဆဲ လက်တွေ့စမ်းသပ်ချက်က ရလဒ်တွေ အပါအဝင် ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သုံးသပ်မယ်လို့ EMA က ပြောပါတယ်။
လောလောဆယ် ကာကွယ်ဆေးကို အဆိုပြု အသက်အုပ်စုအတွက် ခွင့်မပြုသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေအတွက် ဒီကာကွယ်ဆေးကို သုံးခွင့်ပြုထားပါတယ်။
EMA ရဲ့ လူ့အတွက် ဆေးဝါးကော်မတီက ထင်မြင်ချက်ကို ဥရောပကော်မတီဆီ လက်ဆင့်ကမ်း ပေးပို့မှာ ဖြစ်ပြီး ဥရောပကော်မရှင်က ဒီကိစ္စအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။