ဥရောပသမဂ္ဂ EU နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ဂျိုးဇက် ဘော်ရယ်ဟာ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဗင် ကာတီ၊ ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူစီတို့နဲ့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှာ မတ် ၁၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
ဘယ်လ်ဂရိတ်နဲ့ ပရစ္စတီးနား နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အီးယူတာဝန်ရှိသူတွေနဲ့ အသစ်တွေ့ဆုံဆွေးနွေး တာတွေ စနေပါပြီ။
အစောပိုင်းမှာ ခေါင်းဆောင် နှစ်ဦးဟာ မြောက်မက်ဆီဒိုးနီးယားက အောရစ်ဒ် ရေကန်ဘေးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း ဘော်ရယ်နဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။
အနောက်တိုင်း ကျောထောက် နောက်ခံပြုထားတဲ့ ကိုဆိုဗိုနဲ့ ဆားဘီးယားနိုင်ငံတို့ ဆက်ဆံရေး ပုံမှန်ဖြစ်စေရေးအတွက် အီးယူက စေ့စပ်ညှိနှိုင်းဆွေးနွေးနေတာ ၁၀ နှစ်နီးပါးကြာပြီးတဲ့နောက် တိုးတက်မှုနည်းနည်းပဲ ရှိခဲ့တာပါ။
ပြီးခဲ့တဲ့လကတော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ သဘောတူညီချက် ရခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ ဆွေးနွေးမှုတွေရဲ့ အာရုံစိုက်ရမယ့် ဆုံချက်ဖြစ်လာမယ့် အစီအစဉ်ကို အကောင်အထည် ဖော်ရေး နောက်ဆက်တွဲအတွက် သဘောတူညီချက် ရဖို့တော့ လိုအပ်နေပါသေးတယ်။
ယူကရိန်းနိုင်ငံဆီ လက်နက်တွေ ဆက်လက်ပေးပို့နေချိန်အတွင်း စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဖြည့်တင်းရာမှာ အချင်းချင်း ပြိုင်ဆိုင်တာတွေ ရှောင်ဖို့ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံတွေ အတူပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး အပြီး နိုဝင်ဘာ ၁၅ ရက်မှာ အီးယူရဲ့ ထိပ်တန်းသံတမန်တယောက်က ပြောလိုက်ပါတယ်။
အီးယူပြင်ပကနေ လက်နက်တင်သွင်းတာတွေ၊ တနိုင်ငံချင်း သဘောတူညီချက် ယူတာတွေကြောင့် စျေးနှုန်းတက်စေမယ့်အစား လက်နက်ဝယ်ယူရာမှာ အင်အားစုတွေ ပူးပေါင်းပါဝင်ဖို့ ဥရောပသမဂ္ဂက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းနေတာ ကြာပါပြီ။ ဒါပေမဲ့ နိုင်ငံတွေက အကြံဉာဏ်ကို လိုက်နာဖို့ တွန့်ဆုတ်နေကြပါတယ်။
အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ စုစုပေါင်း စစ်ရေးဘတ်ဂျက် ယူရို ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၂ ဘီလီယံ) အထိ တိုးမြှင့်ဖို့ စီစဉ်ထားပေမဲ့ စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု အားနည်းတာနဲ့ အစုအဖွဲ့ပြင်ပကနေ ဝယ်ယူမှုတွေကြောင့် စည်းလုံးညီညွတ်တဲ့ တပ်ဖွဲ့များ ဖန်တီးရေး ကြိုးပမ်းချက်တွေကို ထိခိုက်စေနိုင်တယ်လို့ ဥရောပကာကွယ်ရေးအေဂျင်စီ (EDA) ရဲ့ ဝန်ကြီးတွေအတွက် နှစ်စဉ်သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။
ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံဆီ စုစုပေါင်း ယူရို ၈ ဘီလီယံထက် မနည်း တန်ဖိုးရှိတဲ့ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ပေးအပ်ခဲ့တယ်လို့ အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရဲယ်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။
ဝန်ကြီးတွေဟာ ဥရောပတဝန်းက တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အမြန်ရွှေ့ပြောင်းမှုကို လွယ်ကူချောမွေ့စေဖို့ ရည်ရွယ်တဲ့ အီးယူရဲ့စီမံကိန်းထဲမှာ ဗြိတိန်ပါဝင်ဖို့ လမ်းခင်းပေးခဲ့ပါတယ်။