close

G-7

close

September 4, 2022

G-7 အဖွဲ့က ရုရှားရေနံကို ဈေးနှုန်းကန့်သတ်မည်

ရုရှားရေနံအပေါ် ဈေးနှုန်းကန့်သတ်ဖို့  G-7 ဘဏ္ဍာရေးဝန်ကြီးတွေဟာ စက်တင်ဘာ ၂ ရက်မှာ သဘောတူညီမှု ရရှိခဲ့တယ်လို့ G7 အဖွဲ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်အရ သိရပါတယ်။ 

ရုရှားရေနံကုန်စည်တွေကို စျေးနှုန်းသတ်မှတ်မှုအတိုင်း ဒါမှမဟုတ် စျေးနှုန်းအောက် ရောက်မှသာ သယ်ယူပို့ဆောင်ခွင့်ပြုမှာဖြစ်ပါတယ်။ 

အီးယူရဲ့ ဆဋ္ဌမမြောက် ဒဏ်ခတ်အရေးယူမှု အစီအစဉ်ထဲမှာ ဆက်စပ်နေတဲ့ ဆောင်ရွက်မှုတွေ အတွက် အချိန်ဇယားနဲ့ စျေးနှုန်းကန့်သတ်မှုကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ကြောင်း ကြေညာချက်က ဆိုပါတယ်။ 

ဝန်ကြီးတွေဟာ စျေးနှုန်းသတ်မှတ်ချက် ဒီဇိုင်းကို တခါတည်း ထည့်သွင်းထားဖို့နဲ့ ဒီအရေးကြီးတဲ့ ဆောင်ရွက်ချက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံတိုင်းကိုလည်း ပန်ကြားထားပါတယ်။ 

ဥရောပသမဂ္ဂဟာ ရုရှားဓာတ်ငွေ့ပိုက်လိုင်းအတွက် စျေးနှုန်းသတ်မှတ်ဖို့ လိုအပ်ကြောင်း အီးယူကော်မရှင်အကြီးအကဲ အာဆူလာ ဖွှန်ဒယ်ရ်လေယန်က စက်တင်ဘာ ၂ ရက်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ စွမ်းအင်ဈေးကွက်ကို ကြိုးကိုင်မယ့် ကြိုးပမ်းမှုတွေကို လျော့ပါး စေဖို့လို့လည်း သူက ဆိုပါတယ်။ 

လက်ရှိ G7 ဘဏ္ဍာရေးဥက္ကဋ္ဌ၊ ဂျာမန်ဘဏ္ဍာရေးဝန်ကြီး ခရစ္စစတီရန်လင်ဒါက ကမ္ဘာ့ရေနံ ဈေးကွက်အပေါ် စျေးနှုန်းသတ်မှတ်ချက် အစီအမံတွေရဲ့ အကျိုးသက်ရောက်မှုကို လျှော့ချနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ရုရှားကလည်း ရုရှားနိုင်ငံရဲ့စွမ်းအင်ရင်းမြစ်တွေအပေါ် စျေးနှုန်းစည်းကြပ်တဲ့ နိုင်ငံတွေဆီ ရေနံ ရောင်းချတာကို ရပ်ဆိုင်းမှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ရေနံဈေးကွက်ကို သိသိသာသာ မတည်မငြိမ် ဖြစ်စေမယ် လို့ ကရင်မလင်က ပြောပါတယ်။

4 mins Ago

June 28, 2022

လက်နက်ကူညီပေးရန် ယူကရိန်းသမ္မတက G-7 ခေါင်းဆောင်များကို တောင်းဆို

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ဇွန် ၂၇ ရက်က ဂျီဆဲဗင်းထိပ်သီး ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ အစည်းအဝေး ပြုလုပ်ပြီး ယူကရိန်းအတွက် လက်နက်အကူအညီတွေပေးဖို့နဲ့ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ ယူကရိန်း သမ္မတက ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။ 

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ ခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးမှာ သမ္မတ ဇလန်းစကီးက အွန်လိုင်းဗွီဒီယိုကနေတဆင့် မိန့်ခွန်း ပြောကြားခဲ့တယ်လို့ ဥရောပအရာရှိတယောက်က ပြောပါတယ်။ 

အခု ကျင်းပနေတဲ့ ဂျီဆဲဗင်း အစည်းအဝေးမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ကိစ္စ၊ ကမ္ဘာ့စီးပွားရေးကျဆင်းနေတဲ့ကိစ္စ၊ စွမ်းအင်နဲ့ ရိက္ခာဈေးနှုန်းတွေ မြင့်တက်နေတဲ့ ပြဿနာတွေက လွှမ်းမိုးနေပါတယ်။

ယူကရိန်းသမ္မတနဲ့ အစည်းအဝေး မတိုင်ခင်မှာ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဂျာမနီရဲ့ အဓိပတိ အိုလော့ဖ် ရှိုးလ်က ဂျီဆဲဗင်းနိုင်ငံတွေဟာ ယူကရိန်းနောက်မှာ တစုတစည်းတည်း ရပ်တည်ပေးနေတယ်လို့ ပြောပါတယ်

ဒီနှစ်အစည်းအဝေးကို တက်ရောက်ဖို့အတွက် ဖိတ်ကြားထားတဲ့ ဧည့်သည် နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း ဂျာမနီရဲ့ အဓိပတိ အိုလော့ဖ်က မနေ့ကကြိုဆိုခဲ့ပါတယ်။

အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်အာဖရိက၊ ဆီနီဂေါနဲ့ အာဂျင်တီးနားနိုင်ငံတွေက ခေါင်းဆောင်တွေဟာ ဒီနှစ် ဂျီဆဲဗင်း အစည်းအဝေးကို ဖိတ်ကြားခံရပါတယ်။   

ဂျီဆဲဗင်းခေါင်းဆောင်တွေဟာ ဂျာမနီနိုင်ငံတောင်ပိုင်းမှာ သုံးရက်တာ ထိပ်သီးအစည်းအဝေးကို ဇွန် ၂၆ ရက်က စတင်ကျင်းပနေတာ ဖြစ်ပါတယ်။ 

နိုင်ငံခေါင်းဆောင်တွေ တံခါးပိတ်အစည်းအဝေး ကျင်းပနေချိန်အတွင်း ခေါင်းဆောင်တွေရဲ့ ဇနီးတွေကဟာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေတဲ့ Garmisch-Partenkirchen တောင်ပေါ်စခန်းမှာ နားနားနေနေလမ်းလျှောက်ထွက်နေကြတာကို သတင်းတွေမှာ တွေ့ရပါတယ်။

အစည်းအဝေးခန်းမ အပြင်ဘက်မှာတော့ ရုရှားအပေါ် လက်နက်ပိတ်ပင်ဖို့ တောင်းဆိုသူတွေကို တွေ့ရသလို၊ အနီးအနားက ခလာအစ်မြို့မှာလည်း ရာသီဥတု ပြောင်းလဲမှု ကိစ္စကို ခေါင်းဆောင်တွေ မေ့မထားဖို့ စက်ဘီးစီး ဆန္ဒပြသူတွေလည်း ရှိခဲ့ပါတယ်။

2 months Ago
Up