close

Google

close

September 15, 2022

တောင်ကိုရီးယားက ဂူဂဲလ်နှင့် မက်ထာကုမ္ပဏီတို့ကို ဒေါ်လာသန်းချီ ဒဏ်ရိုက်

တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်ရဲ့ နိုင်ငံစုံ နည်းပညာလုပ်ငန်းစုကြီးတခုဖြစ်တဲ့ ဂူဂဲလ်ရဲ့ အယ်လ်ဖာဘတ်ကော်ပိုရေးရှင်းနဲ့  ဖေ့စ်ဘွတ်ခ်ရဲ့ မက်ထာ (Meta) ကုမ္ပဏီတွေကို ပုဂ္ဂိုလ်ရေးဆိုင်ရာဥပဒေကို ချိုးဖောက်မှုအတွက် ဒဏ်ငွေဒေါ်လာသန်းပေါင်းများစွာ စည်းကြပ်ခဲ့တယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။

ကြေညာချက်တခုမှာတော့ ဂူဂဲလ်ကို ဒေါ်လာ သန်း ၅၀ နဲ့ မက်ထာကို ဒေါ်လာ ၂၂ သန်း ဒဏ်ရိုက်ထားကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ကာကွယ်ရေးကော်မရှင်က ပြောပါတယ်။

အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စုဆောင်းအသုံးပြုတဲ့အတွက် ဒဏ်ရိုက်ခဲ့တာဖြစ်ကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ ကာကွယ်ရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးနဲ့ ညှိနှိုင်းရေးဗျူရိုရဲ့ ဒါရိုက်တာ ယန်ချုံးဆမ်က ပြောပါတယ်။

မက်ထာရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်ကတော့ “ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း၊ သူတို့ဟာ ဒေသဆိုင်ရာ စည်းမျဉ်းတွေ လိုအပ်နေတဲ့ လုပ်ငန်းစဉ်တွေကို ပြည့်မီစေမယ့် တရားဝင် လိုက်လျောညီထွေဖြစ်တဲ့ နည်းလမ်းအရ ကျနော်တို့ရဲ့ ဖောက်သည်တွေနဲ့ လုပ်ဆောင်သွားဖို့ ယုံကြည်ချက်ရှိကြောင်း” ပြောပါတယ်။

ဒါကြောင့် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်းနဲ့ တရားရုံးကနေ စီရင်ချက်ချဖို့ အပါအဝင် ရွေးချယ်ခွင့်အားလုံးကို ပွင့်ပွင့်လင်းလင်း ချပြသွားမှာပါလို့ ဆိုပါတယ်။ ဂူဂဲလ်ကတော့ ချက်ချင်း ဘာမှတ်ချက်မှ မပေးပါဘူး။

ဂူဂဲလ်နဲ့ မက်ထာတို့ဟာ သုံးစွဲသူတွေရဲ့ တခြားကုမ္ပဏီတွေဆိုင်ရာ အပြုအမူပိုင်း အချက်အလက်တွေကို စုဆောင်း ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ဥပဒေကို ချိုးဖောက်ခဲ့ပြီး သုံးစွဲသူတွေကို ရှင်းရှင်းလင်းလင်း အသိပေးခြင်းမရှိဘဲ သူတို့တွေရဲ့ အကျိုးစီးပွားအတွက် ကောက်ချက်ချဖို့ သို့မဟုတ် စိတ်ကြိုက်ကြော်ငြာတွေအတွက် သုံးစွဲဖို့ အဲဒီအချက်အလက်တွေကို အသုံးပြုခဲ့တာဖြစ်ကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ကာကွယ်ရေးကော်မရှင်က ပြောသွားပါတယ်။

1 min Ago

March 6, 2022

ရုရှားသတင်းဌာန RT နှင့် Sputnik သတင်းများ Google ပိတ်ပစ်

အင်တာနက်ဝက်ဘ်ဆိုက် Google ကုမ္ပဏီက သူ့ရဲ့ Play store ကနေ ဒေါင်းလုပ်လုပ်နိုင်တဲ့ ရုရှားသတင်းဌာန RT နဲ့ Sputnik တို့ရဲ့ မိုဘိုင်းလ် apps တွေကို ပိတ်ပစ်လိုက်ပြီလို့ ကြေညာပါတယ်။ 

ရုရှားနိုင်ငံပိုင် RT နဲ့ Sputnik တို့ရဲ့ သတင်းတွေကို Google News Search မှာလည်း ဖယ်ရှားပစ်လိုက်ပါတယ်။ 

Apple ကုမ္ပဏီကလည်း RT နဲ့ Sputnik တို့ရဲ့ သတင်းတွေ Apple Store မှာ ဒေါင်းလုပ် မရနိုင်ဘူး လို့ ပြောပါတယ်။ 

ရုရှားရဲ့ စစ်သတင်း ဝါဒဖြန့်မှုတွေ မာလ်တီနည်းပညာကုမ္ပဏီကြီးတွေက ထိထိရောက်ရောက် ပိတ်ပင် ကန့်သတ်ထားတာပါ။  ရုရှားဝါဒဖြန့် ဗွီဒီယိုတွေကို YouTube ဆိုဒ်မှာလည်း စစ်ပွဲစကတည်းက ပိတ်ထားပါတယ်။

6 months Ago
Up