မြောက်ကိုရီးယားဟာ မတ်လ ၁၆ ရက် အစောပိုင်းက ပြုံယမ်းမြို့အနီးကနေ အရှေ့ဘက်ကို တိုက်ချင်းပစ်ဒုံးကျည် (ICBM) ၁ စင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီပစ်လွှတ်မှုဟာ နျူးကလီးယားလက်နက် ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားကို တန်ပြန်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် တိုကျိုမြို့ကို လေယာဉ်ခရီး မစတင်ခင် နာရီပိုင်းလောက်မှာ လုပ်ဆောင်ခဲ့တာပါ။
“ဒီနေ့ကျင်းပတဲ့ ဂျပန်-တောင်ကိုရီးယား ထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ ပြီးပြည့်စုံတဲ့ နျူးကလီးယားကင်းစင်ရေးကို ဦးတည်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုသွားမှာဖြစ်ကြောင်း” ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ဟီရိုကာဇု မတ်ဆုနိုက သတင်းထောက်တွေကို ပြောပါတယ်။
ပြုံယမ်းက ရန်လိုတဲ့လုပ်ရပ်အဖြစ် ရှုတ်ချထားတဲ့ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲလုပ်ဆောင်နေတဲ့ကြားကပဲ မြောက်ကိုရီးယားဟာ အခုသီတင်းပတ်အတွင်း ဒုံးကျည်အများအပြား ပစ်လွှတ်နေတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် (ICBM) ပစ်လွှတ်မှုကို မတ်လ ၁၆ ရက်က ရှုတ်ချလိုက်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။
“ဒီနေ့ သမ္မတ ယွန်းဆွတ်ခ်ယိုး ဂျပန်နိုင်ငံကို မလာရောက်မီလေးမှာပဲ မြောက်ကိုရီးယားက တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်တာကို ကျနော်တို့အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းမ်ဆူဆွတ်ခ်က ပြောပါတယ်။
ဒီကနေ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အပါအဝင် မြောက်ကိုရီးယားရဲ့ မကြာသေးမီက ဆက်တိုက်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အများအပြားကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ခဲ့တာဖြစ်ကြောင်းနဲ့ ဒါဟာ ဒေသတွင်း တင်းမာမှုတွေ ပြင်းထန်လာစေတဲ့ အဓိက ရန်စမှုတခုလည်းဖြစ်ကြောင်း ပြောပါတယ်။
ခိုင်မာတဲ့ တောင်ကိုရီးယား-အမေရိကန် ပူးတွဲကာကွယ်ရေး ရပ်တည်ချက်ကို ထိန်းသိမ်းထားသမျှ တောင်ကိုရီးယားအစိုးရဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ လက်တွဲလုပ်ဆောင်မှာဖြစ်ပြီး တရားမဝင် ရန်စမှုတွေကနေတဆင့် ဘာကိုမှ မရနိုင်ကြောင်းကို မြောက်ကိုရီးယားက သေချာ နားလည်သဘောပေါက်အောင် အခိုင်အမာ တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းမ်ဆူးဆွခ်က ပြောပါတယ်။
အမေရိကန်စစ်တပ်က မိနစ်မဲန်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM တစင်း ပစ်လွှတ် စမ်းသပ်ခဲ့တယ်လို့ ဩဂုတ် ၁၆ ရက်က ပြောလိုက်ပါတယ်။
ဒီလအစောပိုင်းက ထိုင်ဝမ်ကျွန်းနားမှာ တရုတ်က စစ်အင်အားပြနေလို့ တရုတ်နဲ့ ဆက်ဆံရေး တင်းမာနေတဲ့အတွက် မစမ်းသပ်သေးဘဲ နှောင့်နှေးနေအပြီးမှာ ခုလို ပစ်လွှတ်တာလို့လည်း ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ဒီမိုကရေစီနည်းကျ ကိုယ်တိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သွားရောက်လည်ပတ်အပြီး တရုတ်ပြည်မကြီး အစိုးရက ထိုင်ဝမ်ရေလက်ကြားထဲကို လေယာဉ်တွေ အများအပြား တပ်ချခဲ့သလို ဒုံးကျည်တွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို သူ့ပိုင်နက်ထဲက သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်ထားပြီး ပြန်သိမ်းပိုက်ဖို့ အင်အားသုံးမယ့်နည်းကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။
အမေရိကန်ရဲ့ ပစ်လွှတ်စမ်းသပ်ချက်ဟာ အမေရိကန် နျူကလီးယားတပ်ဖွဲ့ရဲ့ အသင့်ဖြစ်မှုကို ပြသနေပြီး အမေရိကန်ရဲ့ နျူကလီးယား အဟန့်အတားရဲ့ ထိရောက်မှုနဲ့ ချေမှုန်းနိုင်စွမ်းအပေါ် ယုံကြည်ချက်ကိုလည်း ပြနေတယ်လို့ အမေရိကန်စစ်တပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
အရင်ကလည်း အလားတူစမ်းသပ်မှု ၃၀၀ လောက် လုပ်ခဲ့ဖူးပြီး ဒါဟာ ကမ္ဘာ့ဖြစ်စဉ်တရပ်ရပ်ရဲ့ ရလဒ်မဟုတ်ဘူးလို့လည်း အမေရိကန်စစ်တပ်က ပြောပါတယ်။
ဒီဒုံးကျည်ဟာ မိုင် ၆,၀၀၀ အကွာအဝေးကို ပစ်လွှတ်နိုင်ပြီး အမြန်နှုန်း တနာရီကို မိုင် ၁၅,၀၀၀ နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ မိနစ်မဲန်း သရီး တိုက်ချင်းပစ်ဒုံးကျည် ICBM ကို အမေရိကန်စစ်တပ်ရဲ့ ဗျူဟာမြောက် လက်နက်တိုက်အတွက် ဘိုးရင်းကုမ္ပဏီက ထုတ်လုပ်ပေးတာလည်း ဖြစ်ပါတယ်။