close

အမေရိကန်စစ်တပ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်

အမေရိကန်စစ်တပ်က မိနစ်မဲန်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM တစင်း ပစ်လွှတ် စမ်းသပ်ခဲ့တယ်လို့ ဩဂုတ် ၁၆ ရက်က ပြောလိုက်ပါတယ်။

ဒီလအစောပိုင်းက ထိုင်ဝမ်ကျွန်းနားမှာ တရုတ်က စစ်အင်အားပြနေလို့ တရုတ်နဲ့ ဆက်ဆံရေး တင်းမာနေတဲ့အတွက် မစမ်းသပ်သေးဘဲ နှောင့်နှေးနေအပြီးမှာ ခုလို ပစ်လွှတ်တာလို့လည်း ပြောပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ဒီမိုကရေစီနည်းကျ ကိုယ်တိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သွားရောက်လည်ပတ်အပြီး တရုတ်ပြည်မကြီး အစိုးရက ထိုင်ဝမ်ရေလက်ကြားထဲကို လေယာဉ်တွေ အများအပြား တပ်ချခဲ့သလို ဒုံးကျည်တွေနဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို သူ့ပိုင်နက်ထဲက သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်ထားပြီး ပြန်သိမ်းပိုက်ဖို့ အင်အားသုံးမယ့်နည်းကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။

အမေရိကန်ရဲ့ ပစ်လွှတ်စမ်းသပ်ချက်ဟာ အမေရိကန် နျူကလီးယားတပ်ဖွဲ့ရဲ့ အသင့်ဖြစ်မှုကို ပြသနေပြီး အမေရိကန်ရဲ့ နျူကလီးယား အဟန့်အတားရဲ့ ထိရောက်မှုနဲ့ ချေမှုန်းနိုင်စွမ်းအပေါ် ယုံကြည်ချက်ကိုလည်း ပြနေတယ်လို့ အမေရိကန်စစ်တပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အရင်ကလည်း အလားတူစမ်းသပ်မှု ၃၀၀ လောက် လုပ်ခဲ့ဖူးပြီး ဒါဟာ ကမ္ဘာ့ဖြစ်စဉ်တရပ်ရပ်ရဲ့ ရလဒ်မဟုတ်ဘူးလို့လည်း အမေရိကန်စစ်တပ်က ပြောပါတယ်။

ဒီဒုံးကျည်ဟာ မိုင် ၆,၀၀၀ အကွာအဝေးကို ပစ်လွှတ်နိုင်ပြီး အမြန်နှုန်း တနာရီကို မိုင် ၁၅,၀၀၀ နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ မိနစ်မဲန်း သရီး တိုက်ချင်းပစ်ဒုံးကျည် ICBM ကို အမေရိကန်စစ်တပ်ရဲ့ ဗျူဟာမြောက် လက်နက်တိုက်အတွက် ဘိုးရင်းကုမ္ပဏီက ထုတ်လုပ်ပေးတာလည်း ဖြစ်ပါတယ်။

//
Up