တရုတ်နိုင်ငံ၊ ကျန်းကျိုးမြို့ရှိ အထင်ကရ iPhone ထုတ်စက်ရုံဖြစ်တဲ့ Foxconn စက်ရုံမှာ နိုဝင်ဘာ ၂၃ ရက်က အလုပ်သမား ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။
ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ စက်ရုံအနီးရှိ လမ်းတလမ်းမှာ PPE ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အစိုးရဝန်ထမ်းတွေကို ဒေါသတကြီး အော်ဟစ်ခဲ့ကြပါတယ်။
ဆန္ဒပြ စက်ရုံအလုပ်သမားတွေဟာ စောင့်ကြည့်ကင်မရာတွေနဲ့ ပြတင်းပေါက်တွေကိုလည်း ထုရိုက် ဖျက်ဆီးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
ဘောနပ်စ် ဆုကြေးငွေပေးဖို့ အစီအစဉ် နှောင့်နှေးတာကစပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားလာတာလို့ ဆန္ဒပြသူအများအပြားက တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ ပြောထားပါတယ်။
အောက်တိုဘာလနှောင်းပိုင်းကတည်းက Apple Inc ကို ပစ္စည်းပေးသွင်းသူ Foxconn စက်ရုံမှာ ကိုဗစ်ကူးစက်ခံရပြီး ရောဂါပိုးကူးစက်ခံရသူတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ ဝန်ထမ်းတွေကို ကုသပေးမှုအပေါ် စိတ်ပျက်စရာတွေ တိုးလာတာကြောင့် စက်ရုံအလုပ်သမား အများအပြား ထွက်ပြေးခဲ့ကြတာတွေကို ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ကြပါတယ်။
အလုပ်သမားဟောင်း အများအပြားဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ တင်းကျပ်တဲ့ ကွာရန်တင်းထားရှိမှု အကြောင်းတွေကို ပြောဆိုခဲ့ကြပါတယ်။
Foxconn စက်ရုံဟာ အလုပ်သမားတွေကို ထိန်းထားဖို့ သို့မဟုတ် ဆွဲဆောင်ဖို့ ဆုကြေးဘောနပ်စ်တွေ အပါအဝင် မက်လုံးတွေပေးပြီး ကမ်းလှမ်းခဲ့တာပါ။
ဒီလို ပွင့်ပွင့်လင်းလင်း ဆန္ဒထုတ်ဖော်ကြတဲ့မြင်ကွင်းဟာ လူပေါင်း ၂ သိန်းလောက် အလုပ်လုပ်နေကြတဲ့ ကျန်းကျိုးမြို့ရှိ စက်ရုံကြီးမှာ ဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေကို တိုးမြင့်စေပါတယ်။
Apple ကုမ္ပဏီထုတ် ဆော့ဖ်ဝဲလ်တွေရဲ့ အားနည်းချက်တွေကို အစ္စရေးနည်းပညာ ထောက်လှမ်းရေးကုမ္ပဏီ NSO Group က ရှာဖွေဖော်ထုတ်ပြီး အစိုးရတွေကို ကူညီပါတယ်။
အခု NSO Group ရဲ့ စပိုင်နည်းနာတွေကို တခြားအစ္စရေးစပိုင်ဆော့ဖ်ဝဲလ်ကုမ္ပဏီတခုက အသုံးချနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
NSO Group အုပ်စုက အကြမ်းဖက်သမားတွေနဲ့ ရာဇတ်ဝတ်ကောင်တွေရဲ့ စမတ်ဖုန်း အချက်အလက်တွေကို စပိုင်ဆော့ဖ်ဝဲလ်နဲ့ ဖော်ထုတ်ပြီး အစိုးရတွေကို တရားဝင် ကူညီပါတယ်။
အခု NSO ရဲ့ iPhone စပိုင်လုပ်တဲ့ ဆော့ဖ်ဝဲတွေကို ပြိုင်ဘက်အစ္စရေးကုမ္ပဏီဖြစ်တဲ့ QuaDream က အကျိုးအမြတ်အတွက် အသုံးချနေတာပါ။ ကုမ္ပဏီနှစ်ခုလုံးက စမတ်ဖုန်းအသုံးပြုသူတွေရဲ့ ဒေတာတွေကို hacking လုပ်ပေးတာပါ။
အစ္စရေးအစိုးရနဲ့ တချို့အစိုးရတွေအတွက် အကြမ်းဖက်တွေရဲ့ ဖုန်းတွေတင်မက လူ့အခွင့်အရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေရဲ့ စမတ်ဖုန်းတွေကိုပါ ဒေတာ နှိုက်ယူတာကြောင့် ကုမ္ပဏီနှစ်ခုလုံးက နာမည်ပျက်နဲ့လည်း ကျော်ကြားပါတယ်။
မကြာခင်ကပဲ NSO က ယူဂန်ဒါရှိ အမေရိကန်သံတမန်တွေရဲ့ iPhone ဖုန်းတွေကို နှိုက်ခဲ့ပါသေးတယ်။
မနှစ်က Apple ကုမ္ပဏီက အသုံးပြုသူတွေရဲ့အခွင့်အရေးကို ချိုးဖောက်မှုနဲ့ NSO ကို တရားစွဲခဲ့ပါတယ်။ NSO က အမှားမလုပ်ခဲ့ကြောင်း ငြင်းဆိုပါတယ်။
Apple ကုမ္ပဏီနဲ့ အစ္စရေးစပိုင်ဆော့ဖ်ဝဲကုမ္ပဏီနှစ်ခုက ရိုက်တာသတင်းအပေါ် တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။