close

တရုတ် iPhone ထုတ်စက်ရုံတွင် အလုပ်သမားရာချီ ဆန္ဒပြ

တရုတ်နိုင်ငံ၊ ကျန်းကျိုးမြို့ရှိ အထင်ကရ iPhone ထုတ်စက်ရုံဖြစ်တဲ့ Foxconn စက်ရုံမှာ နိုဝင်ဘာ ၂၃ ရက်က အလုပ်သမား ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ စက်ရုံအနီးရှိ လမ်းတလမ်းမှာ PPE ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အစိုးရဝန်ထမ်းတွေကို ဒေါသတကြီး အော်ဟစ်ခဲ့ကြပါတယ်။

ဆန္ဒပြ စက်ရုံအလုပ်သမားတွေဟာ စောင့်ကြည့်ကင်မရာတွေနဲ့ ပြတင်းပေါက်တွေကိုလည်း ထုရိုက် ဖျက်ဆီးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။

ဘောနပ်စ် ဆုကြေးငွေပေးဖို့ အစီအစဉ် နှောင့်နှေးတာကစပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားလာတာလို့ ဆန္ဒပြသူအများအပြားက တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ ပြောထားပါတယ်။

အောက်တိုဘာလနှောင်းပိုင်းကတည်းက Apple Inc ကို ပစ္စည်းပေးသွင်းသူ Foxconn စက်ရုံမှာ ကိုဗစ်ကူးစက်ခံရပြီး ရောဂါပိုးကူးစက်ခံရသူတွေကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ ဝန်ထမ်းတွေကို ကုသပေးမှုအပေါ် စိတ်ပျက်စရာတွေ တိုးလာတာကြောင့် စက်ရုံအလုပ်သမား အများအပြား ထွက်ပြေးခဲ့ကြတာတွေကို ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ကြပါတယ်။

အလုပ်သမားဟောင်း အများအပြားဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ တင်းကျပ်တဲ့ ကွာရန်တင်းထားရှိမှု အကြောင်းတွေကို ပြောဆိုခဲ့ကြပါတယ်။

Foxconn စက်ရုံဟာ အလုပ်သမားတွေကို ထိန်းထားဖို့ သို့မဟုတ် ဆွဲဆောင်ဖို့ ဆုကြေးဘောနပ်စ်တွေ အပါအဝင် မက်လုံးတွေပေးပြီး ကမ်းလှမ်းခဲ့တာပါ။

ဒီလို ပွင့်ပွင့်လင်းလင်း ဆန္ဒထုတ်ဖော်ကြတဲ့မြင်ကွင်းဟာ လူပေါင်း ၂ သိန်းလောက် အလုပ်လုပ်နေကြတဲ့ ကျန်းကျိုးမြို့ရှိ စက်ရုံကြီးမှာ ဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေကို တိုးမြင့်စေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up