close

KBC

close

March 8, 2023

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားထောင်တွင် ရုံးထုတ်စစ်ဆေး

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ကို မတ ၇ ရက်က မြစ်ကြီးနားအကျဥ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

“ဒီတခေါက်ရုံးချိန်းမှာတော့ ၁၇(၁) နဲ့ ၅၀၅(က) ကို တရားခံစစ်တယ်၊ ဆရာ့ကို စစ်တာပေါ့။ ၅၂(က) ကတော့ စွဲချက်မတင်သေးဘူး၊ လျှောက်လဲချက်ပေးထားတယ်” လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါင်နန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် ရုံးချိန်းတုန်းက ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၇(၁) နဲ့ ပုဒ်မ ၅၀၅(က) ကို စွဲချက်တင်အမိန့်ချခဲ့ပြီးနောက် ဒီတခေါက်ရုံးချိန်းမှာ ဒေါက်တာခလမ်ဆမ်ဆွန်ကို စတင်စစ်ဆေးမေးမြန်းခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တက်ရောက်တဲ့ အစည်းအဝေးတခု တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပ‌ဒ ၁၇(၁) နဲ့ တရားစွဲခံခဲ့ရတာပါ။ ၅၀၅(က) အတွက်ကတော့ အာရှဇုန်နယ်လူငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က) နဲ့ ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဖမ်းဆီးခံရတဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ၄ လကျော်အထိ မိသားစုနဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။

“ဒါကတော့ ဆရာတယောက်တည်း မဟုတ်ဘူး။ အကျဥ်းထောင်မှာရှိတဲ့သူတိုင်းကို ကိုဗစ်အကြောင်းပြပြီး မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူး” လို့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွမ်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကနေ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က စာတင်ခဲ့ပေမဲ့ အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သူ့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုထားပြီး နောက်ထပ်ရုံးချိန်းကိုတော့ မတ်လ ၁၄ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ ရက်က ဘန်ကောက်မြို့ကို ဆေးကုဖို့အသွား မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ပေမဲ့ ညနေပိုင်း မြစ်ကြီးနားလေဆိပ်မှာ ပြန်လည်ဖမ်းဆီးခဲ့တာပါ။

14 mins Ago

January 11, 2023

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ရုံးထုတ်ရမန်ယူ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဇန်နဝါရီ ၁၁ ရက်က ရုံးထုတ်ရမန်ယူခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို နဂိုက မြစ်ကြီးနားတရားရုံးမှာ ရုံးထုတ်ဖို့ လုပ်ထားခဲ့ပေမဲ့ မြစ်ကြီးနား အချုပ်ထောင်မှာပဲ ရုံးထုတ်ခဲ့တယ်လို့ KBC တွဲဘက်အတွင်းရေးမှူး လဖိုင်ဇောင်ရာက ပြောပါတယ်။

“ဒီနေ့တော့ အချုပ်ထောင်မှာပဲ ရှေ့နေတွေရော တရားရေးကလူတွေရော ဆရာတော်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဒီနေ့လည်း ဘာမှ စစ်ဆေးတာတော့ မရှိသေးပါဘူး။ ရမန်ပြည့်သွားတဲ့ သဘောပါ။ ၁၃ ရက်နေ့ကို ပြန်ချိန်းဆိုထားပါတယ်။ မိသားစုဝင်တွေရော အသင်းတော်က လူတွေရော ဆရာတော်ကို ထောင်က အထုတ်နဲ့ အဝင်ပဲ အဝေးက လှမ်းမြင်လိုက်ရပါတယ်။ ဆရာကြီး ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်။”

ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က) တို့နဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

လာမယ့်ရုံးချိန်းကိုတော့ ဇန်နဝါရီ ၁၃ ရက်နေ့ကို ချိန်းဆိုထားပြီး တရားစတင်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ ရက်က ဘန်ကောက်မြို့ကို ဆေးကုဖို့အသွား မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်း ပြန်လည်ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

2 months Ago
Up