close

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ရုံးထုတ်ရမန်ယူ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဇန်နဝါရီ ၁၁ ရက်က ရုံးထုတ်ရမန်ယူခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို နဂိုက မြစ်ကြီးနားတရားရုံးမှာ ရုံးထုတ်ဖို့ လုပ်ထားခဲ့ပေမဲ့ မြစ်ကြီးနား အချုပ်ထောင်မှာပဲ ရုံးထုတ်ခဲ့တယ်လို့ KBC တွဲဘက်အတွင်းရေးမှူး လဖိုင်ဇောင်ရာက ပြောပါတယ်။

“ဒီနေ့တော့ အချုပ်ထောင်မှာပဲ ရှေ့နေတွေရော တရားရေးကလူတွေရော ဆရာတော်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဒီနေ့လည်း ဘာမှ စစ်ဆေးတာတော့ မရှိသေးပါဘူး။ ရမန်ပြည့်သွားတဲ့ သဘောပါ။ ၁၃ ရက်နေ့ကို ပြန်ချိန်းဆိုထားပါတယ်။ မိသားစုဝင်တွေရော အသင်းတော်က လူတွေရော ဆရာတော်ကို ထောင်က အထုတ်နဲ့ အဝင်ပဲ အဝေးက လှမ်းမြင်လိုက်ရပါတယ်။ ဆရာကြီး ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်။”

ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပြင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က) တို့နဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

လာမယ့်ရုံးချိန်းကိုတော့ ဇန်နဝါရီ ၁၃ ရက်နေ့ကို ချိန်းဆိုထားပြီး တရားစတင်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ ရက်က ဘန်ကောက်မြို့ကို ဆေးကုဖို့အသွား မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်း ပြန်လည်ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up