close

KDF

close

March 6, 2022

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးပြီး ၂ ဦး ဖမ်းဆီးခံရ

ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန်မှာ  ဒီနေ့မနက်အစောပိုင်းကတည်းကစတင်ကာ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၊ JPDF၊ KNDF၊ ဒီးမော့ဆို- PDF တို့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ထက်မနည်း သေဆုံးပြီး KDF က MA -1 အမျိုးအစားခေါ် သေနတ် ၂ လက် ရရှိခဲ့တယ်လို့ KDF ပြောခွင့်ရသူက ပြောပါတယ်။

“မနက် ၆ နာရီလောက်ကတည်းက တိုက်ပွဲက ကျောက်ဆည်ကန်နားမှာ  ကျနော်တို့က ကျားထိုး ထိုးတာပေါ့။ ကျနော်တို့ အဲလိုထိုးတဲ့အချိန်မှာ တနေကုန်နီးပါးတော့မဟုတ်ပေမယ့် ညနေ ၃ နာရီလာက်မှာ တိုက်ပွဲက ရပ်သွားတာပေါ့နော်။ အဲဒီအတောအတွင်းမှာ သူတို့အကျအဆုံးစာရင်းက ၄၀ ‌ကျော်လောက်ကျတာပေါ့။ ကျနော်တို့ အဲဒီအချိန်မှာ နယ်မြေရှင်းလင်းရေးပြန်လုပ်တော့ သေနတ်တွေ ရခဲ့တာပေါ့နော်။ သူတို့ အကျအဆုံးစာရင်းကတော့ ၄၀ ကျော်နိုင်တယ်။ ၅၀ လည်း ကျော်နိုင်တယ်ပေါ့နော်။”

နယ်မြေရှင်းလင်းရေး ပြန်လုပ်တဲ့အချိန် KDF တပ်က သေနတ် ၂ လက်ရသလို တခြား ဒီးမော့ဆို PDF၊  KNDF တွေလည်း လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ ဦးလည်း အရှင် ဖမ်းဆီးမိထားတယ်လို့ သိရပါတယ်။

ဒီနေ့ညနေပိုင်း ၃ နာရီကျော်လောက်မှာတော့ စစ်ကောင်စီတပ်က ဒီးမော့ဆို ဒေါငံခါကျေးရွာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“လေယာဉ်နဲ့ ပစ်တဲ့အချိန်မှာက ကျနော်တို့ ကိုယ်တိုင်လည်းရှိတယ်။ ကျနော်တို့ အနီးစပ်ဆုံးနေရာမှာကိုပဲ လေယာဉ် ဗုံးကြဲသွားတာပေါ့နော်။ အဲဒီမှာ တောမီးလောင်တဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့နော်။ မြက်ခင်းအခြောက်တွေမှာ ဗုံးကြဲတော့ မီးလောင်တဲ့ အနေအထား တခုတော့ရှိတယ်။”

ဒီတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့သလို ဒီးမော့ဆို PDF က တပ်သားတဦးလည်း လက်နက်ကြီးကျည်ထိမှန် ကျဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီ (ကယား) ပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး အင်းအားလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ နယ်မြေတချို့ကနေ ဆုတ်ခွာခဲ့ရပေမယ့် ကြံ့ကြံ့ခံတောင့်ခံထားဆဲပဲလို့ KDF ကပြောပါတယ်။ 

မနေ့ မတ် ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

10 hours Ago

February 22, 2022

ကျဆုံး ဒေါက်တာအောင်ကြီးကို မီးသင်္ဂြိုဟ်၊ ဖယ်ခုံမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲနေ

ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရှမ်းကယားနယ်စပ် မိုးဗြဲတိုက်ပွဲမှာ တိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်တွေကို ဆေးကုသပေးနေစဉ် လက်နက်ကြီးကျည် ထိမှန်ကျဆုံးသွားခဲ့တဲ့ ဒေါက်တာအောင်ကြီး(ခ)စွမ်းထက်အောင်ရဲ့ ရုပ်လောင်းကို မနေ့က မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့  မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရ တော်လှန်ရေး ရဲဘော်တွေကို ဆေးကုသပေးနေတုန်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေါက်တာအောင်ကြီး အပါအဝင် ဆေးတပ်သားတချို့ ကျဆုံးခဲ့ရပါတယ်။

ဒေါက်တာအောင်ကြီးရဲ့ ရုပ်အလောင်းကို သေဆုံးပြီး ၃ ရက်အကြာမှ မိုးဗြဲ PDF က ခက်ခက်ခဲခဲ ပြန်သယ်ခဲ့ရတာဖြစ်ပြီး မိသားစုဝင်တွေရဲ့ တောင်းဆိုချက်အရ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီက မီးသင်္ဂြိုဟ်ပေးခဲ့တာလို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က သတင်းထုတ်ပြန်ထားပါတယ်။

“မိမိတို့ ကရင်နီ ဒီမိကရက်တစ်တပ်ဦး (KDF)  ဆေးအဖွဲ့ဝင်ဖြစ်သော ဒေါက်တာအောင်ကြီး(ခ)စွမ်းထက်အောင် ဆုံရှုံးခဲ့ရသောကြောင့် မိမိတို့ KDF အဖွဲ့သားများမှလည်း အင်မတန်မှ ဝမ်းနည်းရပါကြောင်းနှင့် ကျဆုံးသွားလေသော ဒေါက်တာအောင်ကြီးအား အာဇာနည်သူရဲကောင်းအဖြစ် အစဥ်ထာဝရ အသိအမှတ်ပြုပါကြောင်း” ထုတ်ပြန်ထားပါတယ်။

မိုးဗြဲမြို့နယ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့လောက်စပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်ထန်စွာ ပြင်းထန်နေပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့လို့ နှစ်ဘက်ထိခိုက်ကျဆုံး များခဲ့ပြီး ဒေါက်တာအောင်ကြီး အပါအဝင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင် ၂၀ လောက် ကျဆုံးခဲ့ရပါတယ်။

မနေ့ညအထိလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မနက်မှာလည်း ရှမ်းပြည်နယ် ဖယ်ခုံမြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 weeks Ago
Up