close

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးပြီး ၂ ဦး ဖမ်းဆီးခံရ

ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ကျောက်ဆည်ကန်မှာ  ဒီနေ့မနက်အစောပိုင်းကတည်းကစတင်ကာ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)၊ JPDF၊ KNDF၊ ဒီးမော့ဆို- PDF တို့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ ထက်မနည်း သေဆုံးပြီး KDF က MA -1 အမျိုးအစားခေါ် သေနတ် ၂ လက် ရရှိခဲ့တယ်လို့ KDF ပြောခွင့်ရသူက ပြောပါတယ်။

“မနက် ၆ နာရီလောက်ကတည်းက တိုက်ပွဲက ကျောက်ဆည်ကန်နားမှာ  ကျနော်တို့က ကျားထိုး ထိုးတာပေါ့။ ကျနော်တို့ အဲလိုထိုးတဲ့အချိန်မှာ တနေကုန်နီးပါးတော့မဟုတ်ပေမယ့် ညနေ ၃ နာရီလာက်မှာ တိုက်ပွဲက ရပ်သွားတာပေါ့နော်။ အဲဒီအတောအတွင်းမှာ သူတို့အကျအဆုံးစာရင်းက ၄၀ ‌ကျော်လောက်ကျတာပေါ့။ ကျနော်တို့ အဲဒီအချိန်မှာ နယ်မြေရှင်းလင်းရေးပြန်လုပ်တော့ သေနတ်တွေ ရခဲ့တာပေါ့နော်။ သူတို့ အကျအဆုံးစာရင်းကတော့ ၄၀ ကျော်နိုင်တယ်။ ၅၀ လည်း ကျော်နိုင်တယ်ပေါ့နော်။”

နယ်မြေရှင်းလင်းရေး ပြန်လုပ်တဲ့အချိန် KDF တပ်က သေနတ် ၂ လက်ရသလို တခြား ဒီးမော့ဆို PDF၊  KNDF တွေလည်း လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ ဦးလည်း အရှင် ဖမ်းဆီးမိထားတယ်လို့ သိရပါတယ်။

ဒီနေ့ညနေပိုင်း ၃ နာရီကျော်လောက်မှာတော့ စစ်ကောင်စီတပ်က ဒီးမော့ဆို ဒေါငံခါကျေးရွာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“လေယာဉ်နဲ့ ပစ်တဲ့အချိန်မှာက ကျနော်တို့ ကိုယ်တိုင်လည်းရှိတယ်။ ကျနော်တို့ အနီးစပ်ဆုံးနေရာမှာကိုပဲ လေယာဉ် ဗုံးကြဲသွားတာပေါ့နော်။ အဲဒီမှာ တောမီးလောင်တဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့နော်။ မြက်ခင်းအခြောက်တွေမှာ ဗုံးကြဲတော့ မီးလောင်တဲ့ အနေအထား တခုတော့ရှိတယ်။”

ဒီတိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့သလို ဒီးမော့ဆို PDF က တပ်သားတဦးလည်း လက်နက်ကြီးကျည်ထိမှန် ကျဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကရင်နီ (ကယား) ပြည်နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး အင်းအားလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ နယ်မြေတချို့ကနေ ဆုတ်ခွာခဲ့ရပေမယ့် ကြံ့ကြံ့ခံတောင့်ခံထားဆဲပဲလို့ KDF ကပြောပါတယ်။ 

မနေ့ မတ် ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၅ ဦး သေဆုံးခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up