ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်ရင်း ခလရ ၂၈၃၊ ၂၈၄၊ ၃၂ တပ်ရင်း ၃ ခုကို KNLA ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၄ ရက် မနက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က မနေ့က တညလုံး လေကြောင်းပစ်ကူတွေ ပေးနေတဲ့ကြားကနေ ဒီမနက်မှာ ကြာအင်းဆိပ်ကြီးမြို့က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး များပြားကာ အရှင်ဖမ်းမိထားတာလည်း ရှိခဲ့သလို KNLA မဟာမိတ်ပူးပေါင်းဘက်ကလည်း အထိအခိုက်ရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က KNLA ပူးပေါင်းအဖွဲ့တွေနဲ့ မှားယွင်းပြီး ရဟတ်ယာဥ်နဲ့ ဗုံးမှားကြဲမိတဲ့အတွက် တပ်ရင်း ၂၈၄ က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ အဆိုပါ KNLA ပူးပေါင်းအဖွဲ့ဝင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးတွေထဲမှာ တပ်ရင်းမှူးအဆင့် ပါဝင်သလို သေဆုံးသူ ထိခိုက်ဒဏ်ရာရသူတွေများပြားတော့ အသေးစိတ်ကိုတော့ မသိရသေးသလိုတပ်ရင်းမှူးမိသားစုကိုလည်း ဖမ်းဆီးထားခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ထဲက ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေကြောင့် ဘုရားသုံးဆူ ကြာအင်းဆိမ်ကြီးဘက်ကဒေသခံ ၁၅၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေကာ ထိခိုက်ဒဏ်ရာရသေဆုံးတာလည်းရှိနေခဲ့တယ်လို့ စစ်ဘေးရှောင်ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်းတွေမှာ ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း တောင်စွန်းဘက်အနီးနားတဝိုက်ကို စစ်ကောင်စီတပ်ဘက်က အင်အားသုံးမြေပြင် ဝေဟင်ကပါ ထိုးစစ်ဆင်ပေမယ့် တော်လှန်ရေးတပ်တွေက စစ်ကောင်စီလက်အောက်ခံ BGF တပ်စခန်း၂ ခုကို လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းထားပါတယ်။
ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဝင်းရေးမြို့နယ်၊ တောင်စွန်းကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ တတိယမြောက်စခန်းဗျူဟာကုန်းကို KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ထပ်မံသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေရာမှာ ၄ ရက် မြောက်နေ့ တိုက်ပွဲပြင်းထန်နေတယ်လို့ KNLA ပူးပေါင်းမဟာမိတ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ BGF စခန်းကုန်း နှစ်ခုကို အောင်မြင်စွာသိမ်းပိုက်ထားနိုင်ပြီး တတိယမြောက်စခန်း စစ်ကောင်စီဗျူဟာကုန်းအား ထပ်မံသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တာဝန်ရှိသူတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေဟာ တိုက်ပွဲ ၄ ရက်မြောက် ဒီနေ့မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ်ရေ ၃၀ ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁ ရက်မှ ၂ ရက်အထိ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပစ်ကူပေးနေတယ်လို့ PDF သတင်းအရင်းမြစ်တွေက ပြောပါတယ်။
အခုချိန်ထိတိုက်ပွဲပြင်းထန်နေလို့ နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံးတွေလည်းရှိနေကာ တော်လှန်ရေးအဖွဲ့တွေဘက်က ကျည်ဆန် ၊ ရိက္ခာနဲ့ ဆေးဝါး၊ စစ်ရေးအထောက်အပံ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။
အဲဒီနေရာမှာပဲ စစ်ကောင်စီတပ်ဘက်က မိုင်းနဲ့ လေယာဥ်ပေါ်ကက ပစ်ချတာကြောင့် KNLA ပူးပေါင်းအဖွဲ့က ရဲဘော် ၃၀ ထက်မနည်း ဒဏ်ရာရရှိကာ ၆ ယောက်လောက် ကျဆုံးခဲ့သလို နောက်ထပ်လည်း ကျဆုံးသူ တိုးလာနိုင်တယ်လို့ PDF သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်း ၃ ခုထဲက နှစ်ခုကို သိမ်းဆည်းနိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေကိုလည်း ထပ်သိမ်းသွားမယ်လို့ ကေအန်ယူ တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေပျက်စီးတာ၊ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့သလို ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ဘေးရှောင် ၁၅၀၀ ကျော်ရှိလာကာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက် မနက် ၆ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီ နယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က မနက် ၅ နာရီခွဲလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၆ နာရီမှာ စခန်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေမယ့် ရဲစခန်းကိုတော့ KNLA ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက် လေယာဉ်နဲ့ ၁၂ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲတိုက်ခိုက်ထားပြီး အရပ်သားတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထောင်နဲ့ချီ ပိတ်မိနေပြီး သူတို့ကို ကယ်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ချောင်းနှစ်ခွရဲစခန်းနဲ့ တံတားလုံခြုံရေးဂိတ်စခန်းတွေကို စစ်တပ် အာဏာသိမ်းပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က ၃ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ထားပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာဖြစ်ပါတယ်။