close

ဝင်းရေးမြို့နယ်ရှိ စစ်ကောင်စီဗျူဟာစခန်းကုန်းကို သိမ်းယူရန် KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဝင်းရေးမြို့နယ်၊ တောင်စွန်းကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ တတိယမြောက်စခန်းဗျူဟာကုန်းကို KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက  ထပ်မံသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေရာမှာ ၄ ရက် မြောက်နေ့ တိုက်ပွဲပြင်းထန်နေတယ်လို့ KNLA ပူးပေါင်းမဟာမိတ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ BGF စခန်းကုန်း နှစ်ခုကို အောင်မြင်စွာသိမ်းပိုက်ထားနိုင်ပြီး တတိယမြောက်စခန်း စစ်ကောင်စီဗျူဟာကုန်းအား ထပ်မံသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)  တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေဟာ တိုက်ပွဲ ၄ ရက်မြောက် ဒီနေ့မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ်ရေ ၃၀ ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁ ရက်မှ ၂ ရက်အထိ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပစ်ကူပေးနေတယ်လို့ PDF သတင်းအရင်းမြစ်တွေက ပြောပါတယ်။

အခုချိန်ထိတိုက်ပွဲပြင်းထန်နေလို့ နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံးတွေလည်းရှိနေကာ တော်လှန်ရေးအဖွဲ့တွေဘက်က  ကျည်ဆန် ၊ ရိက္ခာနဲ့ ဆေးဝါး၊ စစ်ရေးအထောက်အပံ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။

အဲဒီနေရာမှာပဲ စစ်ကောင်စီတပ်ဘက်က မိုင်းနဲ့ လေယာဥ်ပေါ်ကက ပစ်ချတာကြောင့် KNLA ပူးပေါင်းအဖွဲ့က ရဲဘော် ၃၀ ထက်မနည်း ဒဏ်ရာရရှိကာ ၆ ယောက်လောက် ကျဆုံးခဲ့သလို နောက်ထပ်လည်း ကျဆုံးသူ တိုးလာနိုင်တယ်လို့ PDF သတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်း ၃ ခုထဲက နှစ်ခုကို သိမ်းဆည်းနိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေကိုလည်း ထပ်သိမ်းသွားမယ်လို့  ကေအန်ယူ တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေပျက်စီးတာ၊ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့သလို ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ဘေးရှောင် ၁၅၀၀ ကျော်ရှိလာကာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up