ကယား (ကရင်နီ) ပြည်နယ်၊ ဘောလခဲခရိုင်ရှိ ထူးချောင်းစစ်ကောင်စီတပ်စခန်းမှ တပ်သားတယောက် စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး သေဆုံးကာ နှစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိတယ်လို့ ကရင်နီတော်လှန်ရေးတပ်စု (KRU) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ ရက်က ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် (BPDF) တပ်ရင်း-၁၁၀၅ တို့က စနိုက်ပါမစ်ရှင် ဖော်ဆောင်ပြီး ထူးချောင်းစစ်ကောင်စီစခန်းကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်ကလည်း ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအတွင်း ဖြတ်သန်းသွားတဲ့ လက်နက်ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီ ယာဉ် ၃ စီးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ကားတစီး ပျက်စီးသွားတယ်လို့ KRU တာဝန်ရှိသူဆီက သိရပါတယ်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ဟာ ကရင်နီပြည်နယ်အတွင်းရှိ ကွဲပြားနေတဲ့ K.D.F၊ JPDF၊ GZ 21၊ KOIKAW MEDIC UNIT DMO စတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းထားတာဖြစ်ပြီး ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (S.S.L.R.U) နဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ပူးပေါင်း မဟာမိတ် ဖွဲ့စည်းခဲ့ပါတယ်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) တို့ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၈ ရက် နေ့လယ်က ထုတ်ပြန်ပါတယ်။
နှစ်ဖက်အဖွဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြပြီး ဘုံရည်မှန်းချက်တွေနဲ့ လုပ်ငန်းစဥ်တွေ ဖော်ဆောင်နိုင်ရေး၊ စစ်ရေး၊ အပြန်အလှန် ဆက်ဆံရေးနဲ့ တခြားကဏ္ဍတွေမှာ မဟာမိတ်အင်အားစုအချင်းချင်း ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနဲ့ ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်နိုင်ရေးတို့အတွက် ပူးပေါင်းမဟာမိတ်အင်အားစုအဖွဲ့အဖြစ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ကို အောက်တိုဘာ ၂၄ ရက်က ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး Joe Phyu Guerilla Force, UTF-Aungban, Ye-Ngan Urban Guerillas စတဲ့ ရှမ်းတောင်အခြေပြု တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ ပါဝင်ပါတယ်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကို ဧပြီ ၆ ရက်က Karenni Generation Z(KGZ), Karenni Democratic Front (KDF), Fight for Justice (JPDF) စတဲ့ ကရင်နီတော်လှန်ရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့ပြီး ကရင်နီဒေသတွင်း အထိုက်အလျောက် အားကောင်းတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။