close

Mitsubishi

close

February 19, 2022

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ မလေးရှားနှင့် ဂျပန်ကုမ္ပဏီများ နုတ်ထွက်မည်

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကနေ မလေးရှားနိုင်ငံ Petronas နဲ့ ဂျပန်နိုင်ငံ Mitsubishi ကုမ္ပဏီတွေ အသီးသီး နုတ်ထွက်တော့မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ ဒီဓာတ်ငွေ့စီမံကိန်းထဲမှာ ပါဝင်နေတဲ့ သူတို့ရဲ့ အစုရှယ်ယာတွေကို ပြန်ရုပ်သိမ်းသွားမှာဖြစ်ပြီး စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ စွမ်းအင်ကုမ္ပဏီတွေ ပြန်ရုပ်သိမ်းနေတာပါ။

Mitsubishi ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ နည်းပညာပိုင်းနဲ့ စီးပွားရေးဆိုင်ရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လက်လုပ်ဆောင်ဖို့ ခက်ခဲမှာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

တောင်ဘက်ကမ်းလွန်ဒေသမှာ တည်ရှိတဲ့ ရဲတံခွန်စီမံကိန်းမှာတော့ Mitsubishi ကုမ္ပဏီက အစုရှယ်ယာ ၁ ဒသမ ၉၃ ရာခိုင်နှုန်း ပါဝင်နေတာဖြစ်ပြီး ခုလိုဆုံးဖြတ်တဲ့အပေါ် တခြားပူးတွဲ အစုရှယ်ယာရှင်တွေနဲ့လည်း ဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Petronas ကုမ္ပဏီကတော့ ရဲတံခွန်စီမံကိန်းမှာ လည်ပတ်နေတဲ့ သူတို့ရဲ့ လက်ခွဲကုမ္ပဏီ PC Myanmar (Hong Kong) Limited အနေနဲ့ မြန်မာနိုင်ငံတွင်းလုပ်ငန်းတွေကို ရောင်းခဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက သဘောတူလက်မှတ်ရေးထိုးထားခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ဒီအစုရှယ်ယာတွေ ရောင်းချတဲ့ လုပ်ငန်းတွေ ဆိုင်းငံ့ထားပြီး ဝယ်ယူသူ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ပြောဖို့  Patronas ဘက်က ငြင်းဆိုထားပါတယ်။

PC Myanmar (Hong Kong) Ltd အနေနဲ့ ရဲတံခွန်စီမံကိန်းမှာ အစုရှယ်ယာ ၄၀ ဒသမ ၉ ရာခိုင်နှုန်း ပါဝင်ပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကတော့ ၂၀ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေတာပါ။

ဗြိတိန် အခြေစိုက် လက်လီလုပ်ငန်းကြီးဖြစ်တဲ့ Tesco ကလည်း မြန်မာနိုင်ငံကနေ တာဝန်သိသိနဲ့ ထွက်ခွာဖို့ လုပ်ဆောင်နေပြီလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ အာဏာသိမ်းစစ်တပ်ကို ဒေါ်လာသန်းနဲ့ချီဝင်ငွေရှာပေးနေတဲ့  မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ အဓိက စီးပွားဖက်တွေဖြစ်တဲ့ ပြင်သစ်စွမ်း အင်ကုမ္ပဏီ Total Energies နဲ့  အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိမြို့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့  Blood Money သွေးစွန်းငွေတွေ၊ ငွေကြေး‌ ထောက်ပံ့မှုတွေ ရပ်တန့်စေရေး ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက် ရေး ဆိုရှယ်မီဒီယာကမ်ပိန်းတွေကို ပြုလုပ်ကာ တောင်းဆိုမှုတွေနဲ့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

6 mins Ago

December 9, 2020

မြန်မာပြည်အတွက် ရထားတွဲအသစ် ၂၄၆ တွဲပေးပို့မည်ဟု မစ်ဆူဘီရှီကြေညာ

ရန်ကုန်မြို့ပတ်ရထားအပါအဝင် ပြည်တွင်းမှာ  ပြေးဆွဲအသုံးပြုမယ့် ရထားတွဲအသစ် ၂၄၆ တွဲ မြန်မာနိုင်ငံကို  ၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေစတင်  ဆက်တိုက်ရောက်ရှိမယ်လို့ ဂျပန်အကြီးစားစက်မှုလုပ်ငန်းကြီးဖြစ်တဲ့  မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဂျပန်အစိုးရရဲ့ တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် ( ODA) အရ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနဲ့ ပူးပေါင်းကာ အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေ  ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းနဲ့ ရန်ကုန်-မန္တလေးရထားလမ်းတို့မှာ အသုံးပြုဖို့  ရထားတွဲအသစ် ၂၄၆ တွဲကို မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆက်တိုက် ပေးပို့သွားဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။  ပထမအသုတ် ရထားတွဲ ၆၆ တွဲကတော့ ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းအတွက်ဖြစ်ပြီး ဒုတိယအသုတ် ရထားတွဲ ၁၈၀ က ရန်ကုန်-မန္တလေး ရထားအတွက်ဖြစ်ကာ စီမံကိန်းနှစ်ခုလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ်က ဂျပန်ယမ်းငွေ ၆၉ ဘီလီယံလောက် ရှိတယ်လို့ မစ်ဆူဘီရှီ ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာရေးသားဖော်ပြပါတယ်။         အဆိုပါရထားတွဲတွေနဲ့ ပတ်သက်ပြီး  ဒီဇင်ဘာလ ၇ ရက်က မစ်ဆူဘီရှီ ကော်ပိုရေးရှင်းနဲ့ မြန်မာ့မီးရထားတို့အကြား စာချုပ်ချုပ်ဆိုခဲ့ပြီး  ရထားတွဲတွေကိုတော့ စပိန်နိုင်ငံရဲ့ အကြီးဆုံးရထားတွဲထုတ်လုပ်ရေးကုမ္ပဏီ CAက ဂျပန်ထုတ်စက်ပစ္စည်း ကိရိယာတချို့ကို အသုံးပြုပြီးထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေဟာ အမြင့်ဆုံးမြန်နှုန်း  တစ် နာရီလျှင် ၆၀ ကီလိုမီတာနဲ့ ပြေးဆွဲပြီး မြို့ပတ်ရထားလမ်းတစ်ပတ်ပြေးဆွဲချိန်ဟာ လက်ရှိ မိနစ် ၁၇၀ လောက် ကြာမြင့်ပေမဲ့ စီမံကိန်းအရ မိနစ် ၁၁၀ အထိ လျှော့ချနိုင်မယ်လို့ သိရပါတယ်။  ရန်ကုန်-မန္တလေးရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေကတော့ အမြင့်ဆုံးမြန်နှုန်း  တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနဲ့ ပြေးဆွဲမှာဖြစ်ပြီး  ရန်ကုန်မှ မြို့တော် နေပြည်တော်ကို ဖြတ်သန်းပြီး မန္တလေးမြို့အထိ ၆၂၀ ကီလိုမီတာခရီးကို ပြေးဆွဲဖို့ ရည်မှန်းထားပါတယ်။  ဒါ့အပြင် ရန်ကုန်-မန္တလေး လက်ရှိ ကြာမြင့်တဲ့ ပြေးဆွဲချိန် ၁၅ နာရီလောက်ကို စီမံကိန်းအရ ၈ နာရီလောက် အထိ လျှော့ချနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်လို့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ Photo- Mitsubishi
1 year Ago
Up