close

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ မလေးရှားနှင့် ဂျပန်ကုမ္ပဏီများ နုတ်ထွက်မည်

ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းကနေ မလေးရှားနိုင်ငံ Petronas နဲ့ ဂျပန်နိုင်ငံ Mitsubishi ကုမ္ပဏီတွေ အသီးသီး နုတ်ထွက်တော့မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ ဒီဓာတ်ငွေ့စီမံကိန်းထဲမှာ ပါဝင်နေတဲ့ သူတို့ရဲ့ အစုရှယ်ယာတွေကို ပြန်ရုပ်သိမ်းသွားမှာဖြစ်ပြီး စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ စွမ်းအင်ကုမ္ပဏီတွေ ပြန်ရုပ်သိမ်းနေတာပါ။

Mitsubishi ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ နည်းပညာပိုင်းနဲ့ စီးပွားရေးဆိုင်ရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လက်လုပ်ဆောင်ဖို့ ခက်ခဲမှာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

တောင်ဘက်ကမ်းလွန်ဒေသမှာ တည်ရှိတဲ့ ရဲတံခွန်စီမံကိန်းမှာတော့ Mitsubishi ကုမ္ပဏီက အစုရှယ်ယာ ၁ ဒသမ ၉၃ ရာခိုင်နှုန်း ပါဝင်နေတာဖြစ်ပြီး ခုလိုဆုံးဖြတ်တဲ့အပေါ် တခြားပူးတွဲ အစုရှယ်ယာရှင်တွေနဲ့လည်း ဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Petronas ကုမ္ပဏီကတော့ ရဲတံခွန်စီမံကိန်းမှာ လည်ပတ်နေတဲ့ သူတို့ရဲ့ လက်ခွဲကုမ္ပဏီ PC Myanmar (Hong Kong) Limited အနေနဲ့ မြန်မာနိုင်ငံတွင်းလုပ်ငန်းတွေကို ရောင်းခဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းက သဘောတူလက်မှတ်ရေးထိုးထားခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ဒီအစုရှယ်ယာတွေ ရောင်းချတဲ့ လုပ်ငန်းတွေ ဆိုင်းငံ့ထားပြီး ဝယ်ယူသူ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ပြောဖို့  Patronas ဘက်က ငြင်းဆိုထားပါတယ်။

PC Myanmar (Hong Kong) Ltd အနေနဲ့ ရဲတံခွန်စီမံကိန်းမှာ အစုရှယ်ယာ ၄၀ ဒသမ ၉ ရာခိုင်နှုန်း ပါဝင်ပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကတော့ ၂၀ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေတာပါ။

ဗြိတိန် အခြေစိုက် လက်လီလုပ်ငန်းကြီးဖြစ်တဲ့ Tesco ကလည်း မြန်မာနိုင်ငံကနေ တာဝန်သိသိနဲ့ ထွက်ခွာဖို့ လုပ်ဆောင်နေပြီလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ အာဏာသိမ်းစစ်တပ်ကို ဒေါ်လာသန်းနဲ့ချီဝင်ငွေရှာပေးနေတဲ့  မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ အဓိက စီးပွားဖက်တွေဖြစ်တဲ့ ပြင်သစ်စွမ်း အင်ကုမ္ပဏီ Total Energies နဲ့  အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိမြို့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့  Blood Money သွေးစွန်းငွေတွေ၊ ငွေကြေး‌ ထောက်ပံ့မှုတွေ ရပ်တန့်စေရေး ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက် ရေး ဆိုရှယ်မီဒီယာကမ်ပိန်းတွေကို ပြုလုပ်ကာ တောင်းဆိုမှုတွေနဲ့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up