စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၇ ရက်နေ့ညမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးသွားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ (MPDF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ကောင်စီဂိတ်ကို ၄၀ မမ ဗုံးပစ်လောင်ချာကျည် ၃ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ ထိမှန်ကျရောက်ခဲ့တာလို့ MPDF တာဝန်ရှိသူက ပြောပါတယ်။
“မနေ့ညက ကျနော်တို့ ပစ်ခတ်ခဲ့ရာမှာ နောက်ဆုံး ၂ လုံးက သူတို့ ထိသွားတယ်။ သေတဲ့အထဲ အကောင်ကြီးကြီး အရာရှိ ၁ ယောက်အပါဝင် ၈ ယောက် အဲ့ဒီနားမှာပဲ သေတယ်။ နောက်ပြီး ၆ ယောက်လောက် ဒါဏ်ရာရသွားတယ်လို့ သိရပါတယ်။”
စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုပ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ် မနေ့ညက လက်နက်ကြီးနဲ့ အပစ်မခံရမီ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်ရှိနေပြီး ဖြတ်သန်းယာဉ်မှန်သမျှကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
မေလ ၈ ရက်နေ့ ဒီနေ့မနက်မှာတော့ မုံရွာမြို့နယ်က လယ်ဇင်ကျေးရွာအပါအဝင် ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မွှေနှောက်ကာ ပစ်ခတ်မှုတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။
မုံရွာမြို့ မအူဂိတ်တိုက်ခိုက်မှုကို Special Force - 11၊ Monywa People Defence Force( MPDF) နဲ့ Monywa Satan အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
မအူဂိတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Photo - မအူဂိတ်အနီး ပုံဟောင်း
PDF အယောင်ဆောင်ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ် ပစ္စည်းလုယက်သူ ၃ ဦးကို MPDF ဂန့်ဂေါ တပ်ဖွဲ့ကနေ စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မဲကျေးရွာမှာနေထိုင်တဲ့ လင်မယားနှစ်ယောက်ကို ဖမ်းဆီးပြီး ယောကျ်ားဖြစ်သူကို သတ်ဖြတ်ခဲ့ကာ အမျိုးသမီးဖြစ်သူကို ဖမ်းဆီးသွားပြီးတဲ့နောက် ဖမ်းခံရတဲ့ အမျိုးသမီးက ထွက်ပြေးလွတ်မြောက်သွားပြီး အခုလို ဖော်ထုတ်နိုင်ခဲ့တာပါ။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ MPDF ဂန့်ဂေါက စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် ကျူးလွန်သူတွေကို လိုက်လံဖမ်းဆီးခဲ့ရာမှာ နောက်ထပ် ခိုးမှုပေါင်း ၁၂ ခုကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပြစ်မှုကျူးလွန်သူတွေဟာ PDF တွေကို အထင်မြင်လွဲမှားစေဖို့ရည်ရွယ်ပြီး ဂန့်ဂေါမြို့နယ် ကြံသာကျေးရွာက ပျူစောထီး ခေါင်းဆောင်တွေရဲ့ စေခိုင်းချက်အရ လုပ်ခဲ့ရတာလို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ MPDF ဂန့်ဂေါအဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို လွှဲအပ်ခဲ့တယ်လို့လည်း MPDF ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။