close

NTDF

close

March 29, 2022

ဆွာမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၆ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့နယ်၊ ဂွေးသဲကျေးရွာနဲ့လယ်သာရွာကြား ရှမ်းတဲဘုရားအနီးမှာ မတ်  ၂၈ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီတပ်နဲ့ သံတောင်မြောက်ပိုင်း (NTDF) တပ်ဖွဲ့တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး၊  ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆွာမြို့အခြေစိုက်  ခမရ-၁၉ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ NTDF တပ်ဖွဲ့တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားပြီးနောက် NTDF တပ်ဖွဲ့ဝင်တွေက ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် ကျေးရွာလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာနေတဲ့ ဒေသခံအမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂွေးသဲကျေးရွာသားတဦးက “စစ်တပ်က နယ်လှည့်ပြီး လှုပ်ရှားနေတော့  ဒေသကာကွယ်ရေးအဖွဲ့နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်ကြတာ။ တိုက်ပွဲဖြစ်တာတော့ ခဏလေးပဲဖြစ်တာ။ စစ်တပ်က အထိနာသွားတယ်။ စစ်တပ်က လမ်းသွားနေတဲ့ အမျိုးသားတဦးကိုပါ အပြစ်မရှိဘဲ ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပဲခူးရိုးမတလျှောက် သွားလာလှုပ်ရှားနေကာ သစ်မှောင်ခိုကားတွေနဲ့ ကျေးရွာအတွင်း သစ်လုပ်ငန်းလုပ်ကိုင်သူတွေဆီက အတင်းအဓမ္မ ငွေတောင်းယူတာတွေရှိပြီး အခုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေသခံကျေးရွာသားတွေကို အကြမ်းဖက် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်လာမှာကို စိုးရိမ်နေကြပါတယ်။

ဦးကိုကြီး ဦးဆောင်တဲ့ သံတောင်မြောက်ပိုင်းအထူးတပ်ဖွဲ့ (NTDF) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ကာ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

2 mins Ago

January 29, 2022

သံတောင်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် NTDF တိုက်ပွဲဖြစ် စစ်သား ၁၀ ဦးသေ

ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်းအထူးဒေသ၊ မင်းလမ်းတောင်အုပ်စု၊ ချဉ်ပတောင်ရွာနဲ့ အာမယာရွာအနီးမှာ ဇန်နဝါရီ  ၂၇ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်တွေနဲ့  သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ (NTDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့  NTDF တပ်ဖွဲ့ကနေ သိရပါတယ်။

ကေအန်ယူတပ်မဟာ ၂ ထိန်းချုပ်နယ်မြေကို နေပြည်တော်ကနေအင်အား ၈၀ နီးပါးရှိတဲ့ ခမရ ၄၁၁ တပ်နဲ့ ချဉ်ပတောင်ရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကျူးကျော်ဝင်ရောက်လာစဉ်  ဦးကိုကြီး ဦးဆောင်တဲ့ NTDF တပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့တာလို့  ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ချဉ်ပတောင်စခန်းကနေ လက်နက်ကြီး ပစ်ကူပေးခဲ့တဲ့အတွက် မင်းလမ်းတောင်ကျေးရွာက နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပြီး NTDF တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ NTDF သတင်းရင်းမြစ်က ဆိုပါတယ်။

ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီလောက်ကလည်း NTDF ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး CDM ဝန်ထမ်းတွေနဲ့ PDFတပ်ဖွဲ့ဝင်တွေကို ရှာဖွေခဲ့ရာမှာ စုစည်းရွာအဝင်လမ်းအနီးမှာ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NTDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဦးကိုကြီး ဦးဆောင်တဲ့ သံတောင်မြောက်ပိုင်းအထူးတပ်ဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ကာ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

တောင်ငူခရိုင်ထန်းတပင်မြို့နယ်၊ သံတောင်ကြီးမြို့နယ် ဒေသအတွင်း နေ့၊ ညအချိန်တွေမှာ စစ်ကောင်စီရဲ့ လေယာဉ်တွေပျံသန်းပြီး ဝေဟင်ကနေ ထောက်လှမ်းတာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

2 months Ago
Up